သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မြို့ပေါ် ဗုံးကွဲမှုကြောင့် လုံခြုံရေးတင်းကြပ်


ဘန်ကောက်မြို့မှာ ဗုံးပေါက်ကွဲခဲ့ရာဝန်းကျင်က အဆင့်မြင့်ကုန်တိုက် Siam Paragon (ဖေဖေါ်ဝါရီ ၂၊ ၂၀၁၅)
ဘန်ကောက်မြို့မှာ ဗုံးပေါက်ကွဲခဲ့ရာဝန်းကျင်က အဆင့်မြင့်ကုန်တိုက် Siam Paragon (ဖေဖေါ်ဝါရီ ၂၊ ၂၀၁၅)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အဆင့်မြင့် ကုန်တိုက်တခုအနီး ဗုံး ၂ လုံးပေါက်ကွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ စတင်စုံစမ်းနေပြီး လုံခြုံရေးတွေကိုလည်း တိုးမြှင့်ချထားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် သွေးထွက်သံယို အကြမ်းဖက်မှုတွေ လျော့ပါးလာနေချိန်မှာပဲ ဘန်ကောက် မြို့လည်က Siam Paragon ကုန်တိုက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အတွက် ဘတ်စ်ကားဂိတ်တွေ၊ ဘူတာရုံတွေ အပါအဝင် အများ ပြည်သူ သွားလာရာနေရာတွေမှာ လုံခြုံရေး တွေကို တိုးမြှင့်ထားခဲ့တာပါ။ မနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာတချို့ ရခဲ့ကြသလို အနီးအနားက အဆောက်အဦး လည်း အနည်းငယ် ပျက်စီးသွားပါတယ်။

လျှပ်စစ် ထရန်စဖော်မာတခုရဲ့နောက်မှာ ထောင်ထားတဲ့ ဗုံးတွေပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာတွေ အထိတ်တလန့် ဖြစ်ခဲ့ကြရသလို မြို့ပတ် ရထားတွေကိုလည်း မနေ့ညပိုင်းက နာရီဝက်လောက် ပိတ်ခဲ့ရတာပါ။ ထိုင်းနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲ Somyot Pumpanmuang ကတော့ ဖောက်ခွဲရေး ပစ္စည်းတွေပါဝင်တဲ့ သံပိုက်လုံးနဲ့ အချိန်ကိုက်ပေါက်ကွဲအောင် ဖန်တီးထားတဲ့ အိမ်တွင်းဖြစ်ဗုံးတွေဟာ လူတွေ ထိခိုက်သေကျေစေဖို့ မဟုတ်ဘဲ အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ပုံရတယ်လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ကတော့ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ အနီးအနား တဝိုက်က လုံခြုံရေးကင်မရာတွေကို လေ့လာစစ်ဆေးဖို့လည်း ညွှန်ကြားထားပြီး တာဝန်ရှိသူတွေအနေနဲ့ အပြင်းအထန် အရေးယူခံရမယ်လို့လည်း သတိပေးခဲ့တာပါ။ တိုင်းပြည်မှာ တည်ငြိမ်မှုပျက်ပြားစေလိုတဲ့သူတွေရှိနေဆဲ ဖြစ်တဲ့အတွက် ဘန်ကောက်မြို့မှာ စစ်အုပ်ချုပ်ရေး ဆက်လက်ပြဌာန်းဖို့ လိုတယ်လို့လည်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

XS
SM
MD
LG