သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

al Qaida အစွန်းရောက်တချို့ Bangladesh ဖမ်းဆီး


ဘင်္ဂလားဒေ့ရှ်ရဲလုံခြုံရေး။
ဘင်္ဂလားဒေ့ရှ်ရဲလုံခြုံရေး။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ စစ်သွေးကြွ တွေလို့ သံသယရှိသူ ၁၂ ယောက်ကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးလိုက်သူတွေထဲမှာ့ အယ်လ်ခိုက်ဒါးအဖွဲ့နဲ့ ဆက်နွယ်နေပြီး မနှစ်က တောင်အာရှမှာ စတင်ပေါ်ပေါက် လာတဲ့ အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် ၂ ယောက်လည်း ပါဝင်ပါတယ်။ ဒီစစ်သွေးကြွအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရှေးရိုးစွဲ အစ္စလာမ်မစ် ဝါဒီတွေကို ဝေဖန်တဲ့ ဘလော့ဂါ ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ဖေါ်ပြောဆိုထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ VOA သတင်းထောက် Anjana Pasricha နယူးဒေလီကနေ သတင်းပေးပို့ထားတာကို ဦးစံမိုးဝေက ပြောပြပါလိမ့်မယ်။

ဗုဒ္ဓဟူးနေ့တနေ့လုံးနဲ့ ညဉ့်သန်းခေါင်ယံ အချိန်အထိ ဝင်ရောက်စီးနင်းမှုတွေ ဆက်တိုက်ပြုလုပ်ပြီးတဲ့နောက် ဖမ်းဆီးရမိမှုတွေနဲ့ ပတ်သက်ပြီး ကြာသာပတေးနေ့မှာ ဘင်္ဂလားဒေ့ရှ် အစိုးရ အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့ လျှပ်တပျက်လှုပ်ရှားမှု တပ်ရင်း RAB တာဝန်ရှိသူတွေက ပြောပါတယ်။

သံသယရှိသူတွေထဲကတချို့ကို ဘူတာရုံမှာ ဖမ်းဆီးထိမ်းသိမ်း လိုက်တာ ဖြစ်ကြောင်း RAB အဖွဲ့ရဲ့ ပြောခွင့်ရသူ Major Maksudul Alam ကပြောပါတယ်။ တခြားသံသယရှိသူတွေကိုတော့ ဒက္ကာမြို့တွင်း ပုံးအောင်းနေကြတဲ့ နေရာတွေကနေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့အထဲမှာ အန္ဒိယတိုက်ငယ် အတွင်း အယ်လ်ခိုက်ဒါးအဖွဲ့ ညှိနှိုင်းရေးမှုး Mainul Islam နဲ့ အဖွဲ့ရဲ့ အကြံပေး Zafar Amin တို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ မွတ်ဆလင်အပေါ် နှိပ်ကွတ်မှု တရားမျှတမှု မရှိတဲ့ လုပ်ရပ်တွေကို ကယ်တင်ဖို့နဲ့ အာရှအရှေ့တောင်ပိုင်းမှာ ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့အတွက် ဒီအဖွဲ့အစည်းကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ အယ်လ်ခိုက်ဒါး အဖွဲ့က ကြေညာခဲ့ပါတယ်။

ထောက်လှမ်းရေး သတင်းအချက်လက်တွေအရ ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ဖို့ စီစဉ်နေတာ တွေ့ရှိရကြောင်း RAB ပြောခွင့်ရသူ Alam ကပြောပါတယ်။

"သူတို့ဗုံးပြုလုပ်နေကြတဲ့ ဖေါက်ခွဲရေးပစ္စည်းတွေ အများအပြားကို ကျနော်တို့ ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ နောက်ပြီး EID လို့ခေါ်တဲ့ ဖြစ်သလို ဖန်တီးတည်ထွင်ထားတဲ့ ကရိယာတွေ၊ ဆောင်ပုဒ်တွေ၊ လှုတ်ရှားမှုတွေနဲ့ လေ့ကျင့်သင်ကြားရေးမှာ အသုံးပြုတဲ့ အစွန်းရောက် စစ်သွေးကြွတွေရဲ့ လက်စွဲစာအုပ်တချို့ ကို သိမ်းဆီးရမိခဲ့ပါတယ်။"

စစ်သွေးကြွ ၁၂ ယောက်ဟာ Bogra မြို့နယ် က madrasa ဘာသာရေးကျောင်း ကို သွားဖို့ ပြင်ဆင်နေကြပြီး အဲဒီမှာ လူစုဆောင်းဖို့ နဲ့ သင်တန်းပို့ချဖို့ လုပ်နေကြတယ်လို့ Alam ကပြောပါတယ်။

" သူတို့ဟာ အဖွဲ့ဝင်အသစ်တွေ စုဆောင်းဖို့ ကြိုးပမ်းနေကြပါတယ်၊ နောက်ပြီး ဒီအဖွဲ့အစည်းဟာ ဒီနယ်မြေမှာ ဆက်လက်လှုပ်ရှားနေပြီး သူတို့ဟာ ဒီစစ်ဆင်ရေးကို ကိုင်တွယ်လုပ်ဆောင်နေသူတွေအဖြစ် ကြေညာနိုင်ဖို့အတွက် လိုအပ်မယ့် အသုံးအဆောင်တွေကို လိုက်လံစုဆောင်းနေကြပါတယ်။"

အိန္ဒိယတိုက်ငယ်မှာရှိတဲ့ အယ်လ်ခိုက်ဒါး အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတွေအတွင်းမှာ စာရေးဆရာတွေနဲ့ ပညာတတ်တွေတော်တော် များများကို သတ်ဖြတ်ခဲ့ကြောင်း မေလအတွင်း ထုတ်ပြန်တဲ့ (၉)မိနစ် ဗီဒီယို မှာ ထုတ်ဖေါ်ပြောဆိုခဲ့ပြီး သူတို့ဟာ ဘာသာရေးဖေါက်ဖျက်သူ တွေလို့ ပြောပါတယ်။

ဒီလိုသတ်ဖြတ်ခံရသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား အမေရိကန်နိုင်ငံသား Avijit Roy ပါဝင်ပါတယ်။ သူဟာ လူသိများ ထင်ရှားတဲ့ ဘလော့ဂါတဦးဖြစ်သလို ဘာသာရေး သမ္မာကျမ်းစာတွေကို ပစ်တင်ဝေဖန်သူ တဦးဖြစ်ပြီး ဖေဖေါ်ရီလ အတွင်း ဒါကာမြို့ကလမ်းပေါ်မှာ ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရပါတယ်။ နောက်ထပ် တခြား ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဘလော့ဂါ တဦးဖြစ်တဲ့ Rajib Haider ကိုလည်း သူတို့သတ်ပစ်ခဲ့တယ်လို့ အဲဒီအုပ်စုကပြောပါတယ်။

ဒေသတွင်းမှာ အယ်လ်ခိုက်ဒါး နဲ့ ဆက်နွယ် ပတ်သက်တဲ့ အဖွဲ့ ဖွဲ့စည်းခဲ့ပြီးတဲ့နောက် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေ က ထောက်လှမ်းရေးအဖွဲ့တွေကို တပ်လှန့် နှိုးဆော်ထားပြီးဖြစ်ပါတယ်။

တချိန်ထဲမှာပဲ လုံခြုံရေးကိစ္စ လေ့လာသုံးသပ်သူတွေကတော့ သူတို့အနေနဲ့ ဒီနိုင်ငံတွေအတွင်းမှာ လူသစ်တွေ ရှာဖွေစုဆောင်းဖို့ဆိုတာ သိပ်လွယ်တဲ့ ကိစ္စ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ဒီနိုင်ငံတွေမှာ မွတ်ဆလင် ဦးရေကြီးကြီးမားမား ရှိကြပါတယ်၊ ဒါပေမဲ့ အယ်လ်ခိုက်ဒါးတို့ IS စစ်သွေးကြွအဖွဲ့တွေကို ဝင်ရောက်ချင်တဲ့ အာသီသရှိသူကတော့ နည်းနည်းပါးပါးပဲ ရှိမယ်လို့ သုံးသပ်ကြပါတယ်။

XS
SM
MD
LG