သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ဖို့ ကြိုးပမ်း


ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနဲ့ ၂ နိုင်ငံကြား နားလည်မှု လွဲမှားနေမှုတွေ ဖယ်ရှားပြီး စီးပွားရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်လိုတဲ့ ဆန္ဒရှိကြောင်း မြန်မာနိုင်ငံကို ၅ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် Shahidul Haque ရဲ့ ပြောကြားချက်ကို Dhaka Tribune သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ဒေါ်လာ သန်းတရာ လောက်တောင် မရှိဘဲဖြစ်နေတာမို့ ကုန်သွယ်မှု တိုးမြှင့်လိုတဲ့ ဆန္ဒရှိတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ရဲ့ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားရေးအတွင်းဝန် Shahidul Haque က သူဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ် Haque ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းတို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ သူဟာ အိမ်နီးချင်း နှစ်နိုင်ငံကြား နားလည်မှု လွဲမှားနေတာတွေကို ဘေးဖယ်ထားပြီး မြန်မာနဲ့ မိတ်ဘက်နိုင်ငံအဖြစ် ဆက်ဆံရေးသစ် တည်ဆောက်ဖို့ ဆန္ဒရှိနေတဲ့ ဝန်ကြီးချုပ် ဟာစီနာရဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် စာကို ပေးအပ်ဖို့ ရှိပါတယ်။

အရင်စစ်အစိုးရတွေ လက်ထက်မှာ ရိုဟင်ဂျာပြဿနာဟာ ဘင်္ဂလားဒေ့ရှ် မြန်မာ ၂ နိုင်ငံကြား အငြင်းပွားဖွယ် အဖြစ်ဆုံး ပြဿနာ တခုဖြစ်ပြီး အခု အစိုးရသစ်တက်လာချိန်မှာ ဒီကိစ္စကို ပြေလည်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အရာရှိတဦးရဲ့ ပြောကြားချက်ကိုလည်း ဖော်ပြထားပါတယ်။

မေလ ၂ ရက်နေ့က ရန်ကုန်မှာ ဘင်္ဂလားဒေ့ရှ် သတင်းသမားအဖွဲ့နဲ့ တွေ့ဆုံရာမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနာယက ဦးတင်ဦးက လက်ရှိ NLD အစိုးရသစ်က အိမ်နီးချင်းနိုင်ငံအားလုံးကို တူညီတဲ့ လေးစားမှုထားတာမို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပြဿနာ အားလုံးကို ငြိမ်းချမ်းစွာ ဆွေးနွေးမှုနဲ့ အဖြေရှာမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Hasina ဟာ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံကို ၃ ရက်ကြာခရီးလာရောက်ခဲ့သလို ၂၀၁၅ ခုနှစ်မတ်လတုန်းကလည်း တတိယအကြိမ်မြောက် BIMSTEC ညီလာခံတက်ရောက်ဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG