ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသမှာ ဂေဟဗေဒစနစ်အတွက် အရေးပါတဲ့ ဒီရေတောတွေအနီး ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံတခု တည်ဆောက်မယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ တောင်းဆိုနေကြတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေထဲ အခုနောက်ဆုံး ကုလသမဂ္ဂ အမွေအနှစ် ထိန်းသိမ်းရေး အေဂျင်စီလည်း ပါဝင်လာပါတယ်။ ရေလွှမ်းမိုးမှုကို အကာအကွယ်ပေးပြီး၊ ကမ္ဘာမှာနောက်ဆုံး ကျန်နေသေးတဲ့ ကျားရိုင်းတွေရှိရာ ဒေသအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတရပ် ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုအဖွဲ့ UNESCO ကပြောဆိုလိုက်တာပါ။
ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ မလိုအပ်တဲ့ စိုးရိမ်မှုတွေသာ ဖြစ်တယ်လို့ ကြာသပတေးနေ့မှာပဲ တုံ့ပြန်ပြောဆိုထားပြီး၊ လူ ၁၀ ယောက်မှာ ၆ ယောက်သာ လျှပ်စစ်မီး အသုံးပြုနိုင်တဲ့ တိုင်းပြည်မှာ လျှပ်စစ်စွမ်းအင်တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အရေးကြီးတဲ့ ၁.၃ ဂျီဂါဝပ် ထုတ်လုပ်မယ့် Rampal ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေး အစီအစဉ်ကို ဆက်လုပ်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ UNESCO နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာသမဂ္ဂတို့ရဲ့ ဒီသီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာဟာ - စက်ရုံဟာ ဘေးကင်းလုံခြုံမှုရှိမယ့်အကြောင်း အစိုးရရဲ့ ကတိပြုပြောကြားချက်ကို လျစ်လျူရှုထားတယ်လို့လည်း ပြောဆိုခဲ့တာပါ။
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီတွေ ဖက်စပ်လုပ်ကိုင်ကြမယ့် ၁.၈ ဘီလီယံ တန်ဘိုးရှိတဲ့ စီမံကိန်းကိုတော့ ၂၀၁၂ ခုနှစ်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြီးဆုံး ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖြစ်လာမယ့် စီမံကိန်းကိုတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက ကျွန်းပေါင်း ၂၀၀ လောက် ပါဝင်တဲ့ ဆန်ဒါဘန် မြစ်ဝကျွန်းပေါ်ဒေသနဲ့ မိုင် ၄၀ လောက် အကွာမှာ ဆောက်လုပ်မှာ ဖြစ်ပါတယ်။