ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူရာနဲ့ချီသေဆုံးရတဲ့ စက်ရုံပြိုကျမှုနဲ့ပတ်သတ်ပြီး ရဲက လူ ၅ ဦးကို ဖမ်းဆီးထားပါတယ်။ ဒီအဆောက်အဦးကို စစ်ဆေးပြီး ခွင့်ပြုပေးခဲ့တဲ့ အစိုးရအင်ဂျင်နီယာ ၂ ဦးကို အရင်ဖမ်းလိုက်ပြီး နာရီတော်တော်အကြာမှာပဲ စက်ရုံပိုင်ရှင်ကို စနေနေ့ညပိုင်းက ဖမ်းလိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ New Wave အဝတ်အထည်ကုမ္ပဏီရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ ကုမ္ပဏီ ဥက္ကဋ္ဌ တို့ကိုလည်း ရဲကဖမ်းထားပါတယ်။
ဒါကာ မြို့တော်အပြင်ဘက်လေးမှာရှိတဲ့ အဲဒီအဆောက်အဦးမှာ အထည်ချုပ်စက်ရုံ ၅ ရုံ တည်ရှိတာပါ။ အဲဒီအဆောက်အဦးကို ဘယ်သူပိုင်တာလဲ စုံစမ်းရပြီးပေမဲ့ ရှာလို့တော့ မတွေ့သေးပါဘူး။ ပိုင်ရှင်က ဒေသခံ နိုင်ငံရေးသမား Sohel Rana ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
အဲဒီအဆောက်အဦးမှာ အက်ကြောင်းပေါ်နေတာကို စစ်ဆေးရေးမှူးတွေက အင်္ဂါနေ့မှာ တွေ့ခဲ့လို့ လူတွေကို ရွှေ့ပေးဖို့ တရားဝင်သတိပေးထားတာကို ပိုင်ရှင်နဲ့ စက်ရုံမန်နေဂျာတွေက မျက်ကွယ်ပြုနေခဲ့တာလို့ ရဲက ပြောပါတယ်။
အခုဆိုရင် သေဆုံးသူအရေအတွက် ၃၅၀ ကျော်သွားပြီဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေ ကတော့ အသက်ရှင်ကျန်ရစ်သူ ရှိဦးမလားလို့ နေ့ညမပြတ် ဆက်ပြီးရှာဖွေနေပါတယ်။ မနေ့က စနေနေ့မှာပဲ လူပေါင်း ၃၀ ကို ကယ်ဆယ်နိုင်ခဲ့ပြီး အပြိုအပျက်ပုံတွေအောက်မှာ ပိတ်မိနေဦးမယ့်သူတွေကို ဆက်ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီအဆောက်အဦး ပြိုကျပြီးချိန်ကစပြီး လူပေါင်း ၂,၄၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ပြီး အဲဒီထဲမှာ တဝက်ကျော်က ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။