သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ မဲရလဒ်စတင်ရေတွက်


BANGLADESH-VOTE
BANGLADESH-VOTE

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီကနေ့ ဇန်နဝါရီလ (၇) ရက်နေ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲရလဒ် မဲတွေကို မဲရုံးအသီးသီးမှာ စတင်ရေတွက်နေပါပြီ။ အကြိုစစ်တမ်းတွေအရ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ ပဉ္စမမြောက် ရာထူးသက်တမ်း ယူနိုင်မယ့်အလားအလာ ရှိနေတယ်လို့ ဆိုပါတယ်။

အတိုက်အခံပါတီ ဦးဆောင်တဲ့ ရွေးကောက်ပွဲသပိတ်မှောက်မှု ဖြစ်ခဲ့ပေမယ့် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပခဲ့တာပါ။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကတော့ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားရေးပါတီ (BNP) ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တံဆိပ်ကပ်ထားတာပါ။

တချိန်က ဆင်းရဲမွဲတေမှုဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရှိတ်ဟာဆီနာ ဦးဆောင်တဲ့အစိုးရလက်ထက်မှာ စီးပွားရေးတိုးတက်လာခဲ့ပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပါအဝင် အတိုက်အခံတွေအပေါ် ရက်ရက်စက်ဖြိုခွင်းခဲ့ကြောင်း စွပ်စွဲခံထားရတာပါ။

လက်ရှိရွေးကောက်ပွဲမှာလည်း ရှိတ်ဟာဆီနာပါတီအနေနဲ့ ယှဉ်ပြိုင်ဘက်ပါတီ မရှိသလောက် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ပါတီတခု၊ အဖွဲ့အစည်းတခုတည်းပဲဆိုတဲ့ တံဆိပ်တပ်ခံရမှာကို ရှောင်ရှားဖို့ မဲဆန္ဒနယ်မြေတချို့မှာ ရှိတ်ဟာဆီနာပါတီရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲအတွက် မဲရေတွက်မှုတွေကို စတင်နေကြောင်း ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ Shariful Alam က AFP သို့ ပြောဆိုခဲ့ပါတယ်။

အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုကိုရင်ဆိုင်ခဲ့ရတဲ့ အတိုက်အခံ BNP ပါတီကတော့ အတုအယောင်ရွေးကာက်ပွဲလို့ စွပ်စွဲခဲ့ပြီး ရွေးကောက်ပွဲမှာ မဲမထည့်ကြပဲ အထွေထွေသပိတ်မှောက်ကြဖို့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

အသက် ၇၆ နှစ်အရွယ်ရှိနေတဲ့ ဟာဆီနာကတော့ နိုင်ငံသားတွေအနနဲ့ ဆန္ဒမဲတွေပေးကြဖို့နဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်အပေါ် ယုံကြည်ကြောင်းပြသဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG