သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာခေါင်းဆောင်တွေ သတ်ဖြတ်မှုမှာ သံသယရှိသူတွေကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ လုပ်ကြံသတ်ဖြတ်ခံရသူများ (ဓါတ်ပုံ - Rohingya Refugees)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ လုပ်ကြံသတ်ဖြတ်ခံရသူများ (ဓါတ်ပုံ - Rohingya Refugees)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေကို တိုက်ခိုက်သတ်ဖြတ်တာတွေ တိုးလာပြီးတဲ့နောက်၊ ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က သံသယရှိတဲ့သူတွေကို နှိမ်နှင်းတာတွေကို စတင်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ရိုဟင်ဂျာ ၅၆ ယောက်ထက်မနည်းကို ဖမ်းဆီးလိုက်ပြီး အဲဒီထဲက ၂၄ ယောက်ကတော့ ဒီလအတွင်း ရိုဟင်ဂျာခေါင်းဆောင် ၇ ယောက် သတ်ခံရမှုမှာ ပါဝင်ပတ်သက်နေသူတွေ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင် ရဲတပ်ရင်းက ပြောခွင့်ရ Farouk Ahmed က AFP သတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် အဲဒီလူတွေဟာ အကြမ်းဖက်သမားတွေဖြစ်ပြီး ဒုက္ခသည်စခန်းတွေအတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အနှောက်အယှက်ပေးနေတဲ့ အကြမ်းဖက်သမားတွေကို ဆက်ပြီးတော့ နှိမ်နှင်းဖယ်ရှားသွားမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ အဲဒီ လက်နက်ကိုင်ရဲတပ်ရင်းဟာ ဒုက္ခသည်စခန်း ၃၄ ခုက ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနီးပါးအတွက် လုံခြုံရေးတာဝန်ယူထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်း အဲဒီဒုက္ခသည် စခန်းတွေက လုံခြုံရေးအခြေအနေတွေ ယိုယွင်းလာနေပြီး၊ ရိုဟင်ဂျာ ၁၅ ယောက်ထက်မနည်း သတ်ခံရတာ ဒါမှမဟုတ် သေနတ်နဲ့ ပစ်ခံရတာတွေရှိခဲ့ပြီး သေဆုံးတဲ့သူထဲက တဝက်ကျော်ဟာ စခန်းတာဝန်ရှိသူတွေနဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီသေဆုံးမှုအများစုဟာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ပတ်သက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က အမည်မဖော်လိုတဲ့ ထိပ်တန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လက စတင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာကနေ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပြီး ၂ သိန်းကျော်က အဲဒီက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။

=== Unicode ===





XS
SM
MD
LG