ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၃ ရက်ဆက်တိုက် မိုးတွေရွာသွန်းခဲ့တဲ့နောက် လူ ၁၅ ယောက်ထက် မနည်း သေဆုံးပြီး လူ ၅၀၀,၀၀၀ လောက် ဟာလည်း ပိတ်မိနေသလို တောင်ပိုင်း ကမ်းရိုးတန်း ဒေသတလျှောက်မှာ ငါးဖမ်းသမား အနည်းဆုံး အယောက် ၅၀ လောက်ဟာလည်း ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေက ဖော်ပြပါတယ်။
ဘင်္ဂလားပင်လယ်အော်ထဲက ဒီရေလှိုင်းတွေ တက်လာတာကြောင့် ကမ်းရိုးတန်းဒေသ မြေနိမ့်ပိုင်းမှာရှိတဲ့ အိမ်တွေမှာ ရေလွှမ်းမိုးမှုတွေ ကြုံခဲ့ရပြီး လူပေါင်း ထောင်သောင်းချီပြီး တော့ အရေးပေါ် ခိုလှုံရာ စခန်းတွေဆီ ထွက်ပြေးကြရတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက စနေနေ့မှာ ဖော်ပြခဲ့ကြတာပါ။
ဒက္ကားမြို့တော်မှာဆိုရင်လည်း မိုးကြောင့် နံရံကြီးတခုပြိုကျရာက ဆယ်ကျော်သက်အရွယ် လူငယ် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ ပျောက်ဆုံးနေတယ်လို့ အစောပိုင်းတုန်းက အကြောင်းကြားထားတဲ့ ငါးဖမ်းသင်္ဘောသား ၂၀၀ ထဲက ၁၅၀ ကတော့ ကမ်းကိုပြန်ရောက်လာကြပါတယ်။
ရာသီဥတုဆိုးရွားနေတဲ့အတွက် နိုင်ငံတောင်ပိုင်းက ကူးတို့သင်္ဘော ပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းထားခဲ့တာပါ။
ပင်လယ်ပြင်ကို ဗဟိုပြုပြီး တိုက်ခတ်လေ့ရှိတဲ့ မုန်တိုင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ နှစ်စဉ် သေဆုံးရလေ့ရှိပါတယ်။ ၂၀၀၇ ခုနှစ် တုန်းကလည်း Sidr ဆိုင်ကလုန်း လေမုန်တိုင်း တိုက်ခတ်ရာကနေ ဒီရေလှိုင်းတွေကြောင့် ရွာလုံးကျွတ် ရေထဲ မျောပါသွားခဲ့သလို လူပေါင်း ၃,၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။