သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် အနည်းဆုံး ၅၅ ယောက်သေ


Bangladesh Floods
Bangladesh Floods

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သီတင်း ၂ ပတ်ကြာ မိုးအပြင်းအထန် ရွာသွန်းခဲ့ရာက ရေကြီး၊ မြေပြိုမှုတွေကြောင့် အနည်းဆုံး ၅၅ ယောက် သေဆုံးပြီး၊ ၁ သန်းကျော် ရေဘေးသင့်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလဆန်းကစ ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ခရိုင် ၄ ခုမှာ သေဆုံးမှု အများစုဖြစ်ခဲ့ပြီး Cox's Bazar မှာ ၂၁ ယောက်၊ Chittagong မှာ ၁၉ ယောက် Bandarban မှာ ၁၀ ယောက်နဲ့ Rangamati မှာ ၅ ယောက် သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာဒေသတွေက အာဏာပိုင်တွေ အတည်ပြုခဲ့ကြတာပါ။

မကြာသေးခင်နှစ်တွေအတွင်း မိုးအများဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ တရက်တည်းမှာတင် မိုးရေချိန် ၁၂ လက်မအထိ ရွာသွန်းခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန Azizur Rahman ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့အထိ အပြင်းအထန် ရွာသွန်းခဲ့တဲ့မိုးကြောင့် တာတမံတွေ ကျိုးပေါက်ပြီး ရာနဲ့ချီတဲ့ ကျေးရွာတွေကို ရေလွှမ်းမိုးခဲ့ကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးမှုတွေကိုတော့ ရေကျတဲ့အချိန်ကျမှသာ အတည်ပြုနိုင်ခဲ့ကြတာပါ။ တောင်အာရှဒေသမှာ တနှစ်စာ မိုးရေချိန်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို မုတ်သုန်ရာသီမှာ ရရှိလေ့ရှိပြီး မိုးကြီး၊ မြေပြိုမှုတွေကြောင့် သေကြေထိခိုက် ပျက်စီးမှုတွေ အများဆုံးအချိန်လည်း ဖြစ်တတ်ပါတယ်။ မိုးရေချိန်ကို ကြိုတင်ခန့်မှန်းဖို့ ခက်ခဲလေ့ရှိပြီး၊ သိပ္ပံပညာရှင်တွေကတော့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် မုတ်သုန်ရာသီမိုးဟာ ပိုမိုပြင်းထန် ကြမ်းတမ်းလာတယ်လို့ ယူဆထားကြပါတယ်။

XS
SM
MD
LG