သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒုက္ခသည်ပြန်လည်လက်ခံရေး မြန်မာတာဝန်ရှိသူတွေနဲ့ဆွေးနွေး


ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali
ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali

မြန်မာတာဝန်ရှိသူတွေနဲ့ဆွေးနွေးရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာဒုတိယသမ္မတ ဦးမြင့်ဆွေ အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့ ဒီကနေ့ ဆွေးနွေးကြပါတယ်။ တွေ့ဆုံမှုအတွင်း နေရပ်စွန့်ခွာသွားသူတွေ ပြန်လည် လက်ခံ ရေး မြန်မာနိုင်ငံဘက်က ဆောင်ရွက်ထားတာတွေ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စတွေကို လည်း ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

"ဒါက ကျနော်တို့ မနှစ်ကနိုဝင်ဘာတုန်းက လက်မှတ်ရေးထိုးထားတဲ့ agreement နဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမယ့် အနေအထားလေးကို ကျနော်တို့နဲ့ သူတို့နဲ့ ဆွေးနွေးတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်သွားတာလည်း ကျနော်တို့ဘက်က စီစဉ်ဆောင်ရွက်ထားတာတွေ၊ နောက် ပြန်လည်လက်ခံရေးစခန်းတွေ၊ နောက် ကျေးရွာတွေမှာ UEHRD က ဆောင်ရွက်ထားတဲ့ အစီအမံတွေကို သူတို့ကို ခေါ်ပြတဲ့ သဘောပါ။ ဒါပြီးရင်တော့ ပြန်လည်လက်ခံရေးကို ကျနော်တို့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာပါ။"

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဟာ မနက်ဖြန်မှာတော့ ရခိုင်ပြည်နယ်ကို ခရီးဆက်မှာ ဖြစ်ကြောင်း လည်း ဦးမြင့်သူက ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ လုံခြုံရေးကင်းစခန်းတွေကို စီးနင်း တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာမှာ ထွက်ပြေး သွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူဆလင်တွေကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကသာမက ကုလ သမဂ္ဂနဲ့ နိုင်ငံတကာကလည်း တိုက်တွန်းနေတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် လက်ခံအသိအမှတ်ပြု မထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့နဲ့ လက်မှတ်ရေးထိုး သဘောတူထားပါတယ်။

XS
SM
MD
LG