ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံ လုပ်သားတွေနဲ့ ရဲတွေအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး ၃ ဦး သေဆုံးပြီး လူပေါင်း ၁၀၀ ထက်မနည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲအရာရှိတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်နဲ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ စစ်တကောင်းမြို့တွေမှာ အထည်ချုပ်စက်ရုံ လုပ်သားတွေဟာ အသစ်ပြဋ္ဌာန်းထားတဲ့ အနိမ့်ဆုံး လုပ်အားခ လစာအတိုင်း စက်ရုံတွေက ပေးအပ်ဖို့အတွက် ဒီနေ့ တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
တောင်ကိုရီးယားပိုင် ကုမ္ပဏီရဲ့ စက်ရုံတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေဟာ စက်ရုံပိုင် ပစ္စည်းတွေကို ဖျက်ဆီးခဲ့တဲ့ နောက်ပိုင်း ကုမ္ပဏီက အလုပ်ခွင်ကို ခေတ္တ ရပ်ဆိုင်းထားခဲ့တဲ့ နောက်တနေ့မှာပဲ အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အနည်းဆုံး လုပ်ခလစာကို တလ ၂၅ ဒေါ်လာကနေ ၄၃ ဒေါ်လာအထိ တိုးမြှင့်ပေးခဲ့တာဟာ သီတင်းပတ်ပေါင်းများစွာ ကြာမြင့်လာပြီ ဖြစ်ပေမဲ့ စက်ရုံအများစုက ဒီဥပဒေ အသစ်အတိုင်း အခုထိ လစာ တိုးမြှင့်မပေးကြသေးပါဘူး။