ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အသေးစား ငွေချေးဘဏ်ကို စတင် တည်ထောင်ခဲ့သူ နိုဘဲလ် ငြိမ်းချမ်းရေးဆုရင် မိုဟာမက် ယူနွတ်စ် (Mohammad Yunus) ဟာ ဘဏ်အကြီးအကဲ ရာထူးကနေ နှုတ်ထွက်သွားပါပြီ။ သူ့ကို လက်ရှိ ဘဏ်အကြီးအကဲ ရာထူးကနေ ထုတ်ပစ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဆုံးဖြတ်ပြီး နောက်တနေ့မှာ အဲဒီ ဆုံးဖြတ်ချက်ကို တရားရုံးက အတည်ပြုပေးလိုက်တာကြောင့် အခုလို နှုတ်ထွက်သွားတာပါ။
သူတည်ထောင်ခဲ့တဲ့ ဂရာမီးန် (Grameen) ဘဏ်မှာ မလိုလားအပ်တဲ့ အနှောင့်အယှက်တွေ ဖြစ်ပေါ်လာမှာ စိုးတဲ့အတွက် သူ့အနေနဲ့ အခုလို ရာထူးက နှုတ်ထွက်ပေးလိုက်တာ ဖြစ်တဲ့အကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စတာ ယူနွတ်စ်က ဖော်ပြထားပါတယ်။
သူ့ရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နာဂျာဟန် ဘီဂမ် (Nurjahan Begum) က သူ့နေရာမှာ အစားထိုး တာဝန်ယူသွားမယ်လို့ မစ္စတာ ယူနွတ်စ်က ပြောပါတယ်။
မရှိဆင်းရဲသားတွေကို ငွေချေးနိုင်ဖို့ သူ စတင်တည်ထောင်ခဲ့တဲ့ ဘဏ်ရဲ့ အကြီးအကဲအဖြစ် ဆက်လက် တာဝန်ယူခွင့်ပြုဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အယူခံတင်ခဲ့တာကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က ပယ်ချလိုက်တာပါ။
အနားယူရမယ့် အသက် ၆၀ ထက်ကျော်ပြီး ဘဏ်အကြီးအကဲအဖြစ် ဆက်လက် တာဝန်ယူနေတဲ့အတွက် အစိုးရက သူ့ကို ရာထူးက ဖြုတ်ချဖို့ ဆုံးဖြတ်လိုက်တာပါ။ မစ္စတာ ယူနွတ်စ်ဟာ အခု အသက် ၇၀ ရှိပြီ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်မှာ သူ့ကိုယ်ပိုင်ပါတီ ထောင်ဖို့ ကြိုးစားခဲ့တာကြောင့် အစိုးရက သူ့ကို နိုင်ငံရေးအရ အခုလို ဖြုတ်ချလိုက်တာ ဖြစ်မယ်လို့ သူ့ကို ထောက်ခံသူတွေကတော့ ယုံကြည်နေကြပါတယ်။