ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကျောင်းအုပ်ကြီးရဲ့ လိင်မှုဆိုင်ရာ စော်ကားမှုခံရတယ်လို့ တိုင်ကြားခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသူလေးကို မီးရှို့သတ်ဖို့ ကြိုးစားမှုမှာ ပါဝင်နေသူ ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတွေက ဗုဒ္ဓဟူးနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
ကျောင်းအုပ် Siraj Ud Doula ရဲ့လုပ်ရပ်ကို တိုင်ကြားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အသက် ၁၉ နှစ်အရွယ် Nusrat Jahan Rafi ကို သူတက်ရောက်နေတဲ့ အစ္စလာမ်ကျောင်း ခေါင်မိုးပေါ်မှာ ဓါတ်ဆီလောင်း မီးရှို့သတ်ပစ်ဖို့ ဧပြီလ ၆ ရက်နေ့က ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ တိုင်ကြားချက်အရရဲက ဖမ်းဆီးတာ ခံရတဲ့ Doula က ထောင်ထဲကနေ Rafi ကို သတ်ပစ်ဖို့ ညွှန်ကြားခဲ့တာဖြစ်ကြောင်း ရဲက ပြောပါတယ်။
တိုက်ခိုက်သူတွေက Rafi ကို ကျောင်းခေါင်မိုးပေါ် ဖြားယောင်း ခေါ်သွားပြီး သူ့တိုင်ကြားချက် ပြန်ပယ်ဖျက်ပေးဖို့ ပြောကြပေမယ့် သူက ငြင်းဆန်ခဲ့တဲ့အတွက် သူ့ကို မီးတင်ရှို့ခဲ့တာ ဖြစ်ပါတယ်။ Rafi ဟာ မီးအရှို့ခံရပြီး ရက်သိပ်မကြာခင်မှာပဲ သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ အစွပ်စွဲခံရသူတွေက လူသတ်မှုကို ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ပုံစံဖြစ်အောင် လုပ်ဆောင်ခဲ့ပေမယ့် Rafi က သူသေဆုံးသွားတဲ့ ဧပြီလ ၁၀ ရက် မတိုင်ခင်မှာ အဖြစ်မှန်ကို ပြောကြားနိုင်ခဲ့တာပါ။
Rafi ရဲ့ သေဆုံးမှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး လိင်မှုဆိုင်ရာ စော်ကားမှုတွေ ကို အရေးယူဖို့ တောင်းဆိုမှုတွေ တိုးမြင့်လာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကလည်း ဒီအမှုမှာ ပါဝင်ပတ်သက်သူ မှန်သမျှ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးမယ်လို့ ကတိပေးခဲ့တာပါ။