သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဌာန ဆင့်ခေါ်


 မြန်မာသံအမတ်ကြီး ဦးလွင်ဦး ( ဖေဖေါ်ဝါရီလ ၂၅၊ ၂၀၁၈)
မြန်မာသံအမတ်ကြီး ဦးလွင်ဦး ( ဖေဖေါ်ဝါရီလ ၂၅၊ ၂၀၁၈)

ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေရှ့်ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ ဌာနက ညွှန်ကြားရေးမှူးချုပ် Md Delwar Hossain က အင်္ဂါနေ့ နေ့ခင်းပိုင်းမှာ ဘင်္ဂလားဒေရှ့် ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလွင်ဦးနဲ့ တွေ့ဆုံကြောင်း ဒါကာထရီဗျူးမှာ ဖော်ပြပါတယ်။

တိုက်ခိုက်မှု အတွင်းမှာ ဘင်္ဂလားဒေရှ့်ဘက်က ပတ်သက်မှု ရှိတယ်ဆိုပြီး မြန်မာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေကရဲ့ လက်လွတ်စပါယ် မှားယွင်း စွပ်စွဲချက်လို့ သုံးနှုန်းပြီး အဲဒါနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုဖို့ မြန်မာ သံအမတ်ကြီးကို မေးမြန်းခဲ့တာလို့လည်း သတင်းက ဖော်ပြပါတယ်။ မြန်မာဘက်က လုံး၀ မမှန်ကန်တဲ့ လုပ်ကြံပြောဆိုချက်တွေ လုပ်နေတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီး AK Abdul Momen က နောက်ပိုင်း သတင်းထောက်တွေ မေးမြန်းတာမှာ ဖြေကြားသွားပါတယ်။

မောင်တောမြို့ အနီးက နယ်စပ်မှတ်တိုင် အမှတ် ၄၁ အနီးက ရဲစခန်းတခု အပေါ် အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုမှာ ဘင်္ဂလားဒေရှ့်ဘက်က ပတ်သက်မှု ရှိတယ်လို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ မှားယွင်း စွပ်စွဲချက်တွေကို အခြေခံပြီး မြန်မာ မီဒီယာ တချို့က သတင်းတွေမှာ တွေ့ရတဲ့ အပေါ် ဘင်္ဂလားဒေရှ့် အစိုးရဘက်က စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့လည်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာလည်း ဖော်ပြပါတယ်။

ဒီစွပ်စွဲချက်တွေက လုံး၀ လုပ်ကြံထားပြီး အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်တာကို တွေ့ရတယ်၊ အဲဒီရက်တုန်းက ဘင်္ဂလားဒေရှ့်ဘက်က ဘယ်အဖွဲ့မှ နယ်စပ်ကို ဖြတ်ခဲ့တာမျိုး ဘင်္ဂလားဒေရှ့်ဘက်ကနေ ပစ်ခတ်တာမျိုး မရှိခဲ့ဘူးဆိုတာကိုလည်း ကြေညာချက်မှာ တိတိပပ ပြောဆိုထားပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်က ပြောဆိုတဲ့ သတင်းစကားကို သက်ဆိုင်ရာ မြန်မာ အာဏာပိုင်တွေကို အသိပေးပါမယ်လို့မြန်မာ သံအမတ်ကြီးဘက်က ဘင်္ဂလားဒေရှ့် ညွှန်ကြားရေးမှူးချုပ်ကို အာမခံခဲ့ပါတယ်။ ဒီမတိုင်ခင်ကလည်း ဘင်္ဂလားဒေရှ့် ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနက သုံးကြိမ်တိုင်တိုင် ဆင့်ခေါ်ခဲ့တာပါ။

ဇန်နဝါရီလ ၁၅ ရက်နေ့က ဆင့်ခေါ်တာမှာတော့ ဘင်္ဂလားဒေရှ့် နိုင်ငံ Naikhongchhari Upazila ခရိုင်ထဲက Tomru တူးမြောင်းတလျှောက် နှစ်နိုင်ငံ နယ်စပ် Zero Line ဇုံနဲ့ ပေ၁၅၀ အတွင်း အဆောက်အုံတွေ ဆောက်လုပ်ရတဲ့ အကြောင်းရင်းကို ရှင်းလင်း ပြောကြားဖို့ ဆင့်ခေါ်ခဲ့တာပါ။ ဒီဇင်ဘာလ ၅ ရက်နေ့ တုန်းကတော့ မြန်မာနိုင်ငံက ပြည်ထောင်စု ဝန်ကြီး တဦးက နိုင်ငံတွင်းမှာ နေကြတဲ့ မူဆလင်တွေနဲ့ ပတ်သက်ပြီး နှိမ်ချ ပြောဆိုခဲ့တဲ့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ အကြောင်း မြန်မာ သံအမတ်ကြီးကို ခေါ်ပြီး ပြောဆိုခဲ့တာပါ။ နိုဝင်ဘာလ ၇ ရက်နေ့တုန်းကတော့ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဘင်္ဂလားဒေရှ့်ဘက်ကို ပစ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တာ ဖြစ်ကြောင်း ဒါကာထရီးဗျူး မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG