သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အိန္ဒိယကို တိုက်ဖို့ IS ကြေညာချက် ဘင်္ဂလားဒေ့ရှ်ပယ်ချ


အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ ပြမြေပုံ
အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ ပြမြေပုံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စစ်မျက်နှာသစ် ဖွင့်လှစ်ပြီး၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတွေကို တိုက်ခိုက်ဖို့ အဖွဲ့ဝင်တွေက အရှိန်မြှင့်ကြိုးပမ်းနေတဲ့အကြောင်း IS အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့ရဲ့ ကြေညာချက်ကို ဘင်္ဂလားဒေ့်ရှ်နိုင်ငံက ပယ်ချလိုက် သလို၊ နိုင်ငံထဲမှာ IS စစ်သွေးကြွအဖွဲ့ မရှိဘူးလို့လည်း ပြောလိုက်ပါတယ်။

IS အဖွဲ့ရဲ့ နောက်ဆုံးထုတ် Dabiq မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက IS အဖွဲ့ခေါင်းဆောင်လို့ဆိုတဲ့ Shaykh Abu Ibrahim al-Hanif က - ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း တပ်သားသစ်စုဆောင်းမှုမှာ မူဆလင် အများအပြား ပူးပေါင်းလာကြတဲ့အတွက် အရှိန်ကောင်း လာနေတဲ့ အကြောင်း ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထဝီဝင် အနေအထားကြောင့် ကာလီဖိတ် လှုပ်ရှားမှုနဲ့ ကမ္ဘာတဝှမ်း ဂျီဟတ်ဘာသာရေးစစ် ဆင်နွဲှရာမှာ မဟာဗျူဟာအရ အရေးပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဂျီဟတ်ဘာသာရေးစစ်ပွဲအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခိုင်အမာ ခြေကုပ် ယူနိုင်မယ်ဆိုရင် အိန္ဒိယနိုင်ငံတွင်းမှာ ပျောက်ကျးစစ် ဆင်နွှဲနိုင်မှာ ဖြစ်သလို၊ မြန်မာနိုင်ငံမှာ ဂျီဟတ်စစ်ပွဲ ဆင်နွှဲနိုင်မယ့် လှေကားထစ် တခု ဖြစ်နိုင်တယ်လို့လည်း ပြောကြားခဲ့တာပါ။

အင်တာနက် လူမှုကွန်ယက်တွေမှာ IS အဖွဲ့ရဲ့ ဘင်္ဂလီဘာသာနဲ့ စည်းရုံးလှုပ်ရှားမှုတွေကို မူဆလင် အများအပြားက စိတ်ဝင်စားလာကြတဲ့အတွက် အခြေစိုက်စခန်းတခု အောင်အောင်မြင်မြင်နဲ့ ထူထောင်နိုင်ခဲ့တာ လို့လည်း ပြောပါတယ်။

ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ကတော့ IS အဖွဲ့ဟာ မမှန်မကန်ဝါဒဖြန့်ချီမှုတွေ လုပ်နေတာသာ ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့တာပါ။ ပြည်ပကနေ ထုတ်ပြန်ခဲ့တဲ့ IS အဖွဲ့ရဲ့ ကြေညာချက်ကို ကြည့်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းမှာ ခြေကုပ်ယူနိုင်ဖို့ အသဲ အသန်ကြိုးပမ်းနေတယ်ဆိုတာကို ပြသရာ ရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။ IS အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ မရှိတာကြောင့် ကြေညာချက်က မမှန်ဘူးလို့လည်း ဒါကာမြို့တော်မှာ သောကြာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြည်ထဲရေးဝန်ကြီး ကမားလ်က ပြောပါတယ်။

XS
SM
MD
LG