သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် ဘင်္ဂလားဒေ့ရှ် နယ်စပ်ပိတ်မှု HRW ဝေဖန်


ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း - ထွက်ပြေးကြတဲ့ ရိုဟင်ဂျာမူဆလင်တွေကို နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုပြီး - ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတွင်းဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကတော့ အရပ်သားတွေကို အကာအကွယ် ပေးကြဖို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ အစိုးရ ၂ ရပ်စလုံးကို တောင်းဆိုထားတာပါ။ အသေးစိတ်ကိုတော့ ဗွီအိုအေ သတင်းထောက် Maaz Hussain ရဲ့ သတင်းလွှာကို အခြေခံပြီး မနန္ဒာချမ်းက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အောက်တိုဘာလဆန်းပိုင်း နယ်ခြားစောင့်ရဲစခန်း ၃ ခု တိုက်ခိုက်ခံရမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး အကြမ်းဖက် သတ်ဖြတ်ခံရပြီးနောက်ပိုင်း - မြန်မာအာဏာပိုင်က နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်တဲ့အနေနဲ့ အဲဒီဒေသက လူတွေကို အဝင်အထွက် မလုပ်ကြဖို့ ပိတ်ပင်ထားတာ ၁ လကျော်ရှိလာတာနဲ့အမျှ - ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ မူဆလင်အများစုပါဝင်တဲ့ လူ ၃ သောင်းလောက်ဟာ နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြရပြီး၊ ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေး လုပ်ဆောင်ကြဖို့လည်း ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ကုလသမဂ္ဂက မြန်မာအစိုးရကို တောင်းဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း နယ်စပ်ကို ဖွင့်ထားပြီး ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြသူတွေကို ဝင်ရောက် ခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards က ဂျနီဗာမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး - ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးခဲ့တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေကတော့ - သူတို့ကို အစိုးရက ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ခွင့်မပေးဖို့ အမိန့်ပေးထားပြီး၊ ပြီးခဲ့တဲ့ သီတင်း ၆ ပတ်အတွင်းမှာ ရေလမ်းကတဆင့် ထွက်ပြေးကြသူ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို - ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ မရောက်ခင် မောင်းထုတ်ခဲ့ရသလို - နေ့စဉ်နဲ့အမျှလည်း လှေ ၂ စင်း ၃ စင်းလောက်ကို မြန်မာနိုင်ငံဘက် ပြန်မောင်းထုတ်နေရတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်မှူးတဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး အဘူဇာ အယ်လ် ဇာဟစ် က ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams ကတော့ - ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရဲ့ ဒီဆုံးဖြတ်ချက်ဟာ ရက်စက်လွန်းရာ ကျတယ်လို့ ဝေဖန်လိုက်ပါတယ်။

"ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် သိပ်ကို အကြင်နာမဲ့လွန်းပါတယ်။ လောလောဆယ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခတွေဖြစ်နေချိန် - ရိုဟင်ဂျာတွေဟာ ပစ်မှတ်ထားခံနေပြီး၊ ရွာတွေ မီးရှို့ခံရတာ၊ အဲဒီမှာ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရတာတွေကြောင့် - ရိုဟင်ဂျာတော်တော်များများက မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှိနိုင်ငံဘက် ထွက်ပြေးတာဟာ အသက်ရှင်ဖို့အတွက် တခုတည်းသော နည်းလမ်း အဖြစ်နဲ့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ကို ဝင်ခွင့်မပေးခဲ့ဘူး။ ဒါဟာ နိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်မှုပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အသက်ဘေးက ထွက်ပြေးလာကြသူတွေကို အနည်းဆုံး ယာယီပဲဖြစ်ဖြစ် ခိုလှုံခွင့်ပေးရမယ့် တာဝန်ရှိပါတယ်။ အဲဒီအစား ဒီလူတွေကို ဝင်ခွင့်မပေးဘဲ ပြန်မောင်းထုတ်နေတာပါ။"

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အစာ ဒူဇာမန်း ခန်း ခါမဲ (Asaduzzaman Khan Kamal) ကတော့ - မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် စိတ်မသက်မသာ ဖြစ်ရကြောင်း ပြောဆိုလိုက်သလို၊ တချိန်တည်းမှာပဲ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကိုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဝင်လို့မရအောင် တားဆီးဖို့ နယ်ခြားစောင့်တပ်၊ ကမ်းခြေစောင့်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို အသင့်ပြင်ထားတယ်လို့ တနင်္ဂနွေနေ့ကပဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြားက နတ်မြစ်ကို ဖြတ်ကျော်ပြီး Cox's Bazar မြို့ကို နိုဝင်ဘာ ၂၁ ရက် တနင်္လာနေ့က ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို Kutupalong ဒုက္ခသည်စခန်းတွေဆီကို ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ပို့ဆောင်ခဲ့ပါတယ်။ ရာနဲ့ချီရောက်လာကြသူတွေထဲက ၆၄ ယောက်ကို Bangladesh နယ်ခြားစောင့်တပ်က ထိန်းသိမ်းခဲ့ပြီး နေ့တွင်းချင်းမှာပဲ မြန်မာနိုင်ငံဖက်ကို ပြန်ပို့ခဲ့တယ်လို့ Reuters သတင်းက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာရွှေ့ပြောင်းသူများအရေးဆောင်ရွက်နေတဲ့ IOM အဖွဲ့က အမည်မဖော်လိုသူတယောက်ရဲ့ အပြောအရ တနင်္လာနေ့တနေ့ထဲ မြန်မာဘက်ကရောက်လာတဲ့ ရိုဟင်ဂျာ ၅၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။
HRW အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams ကတော့ - လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေကို အစိုးရနှစ်ရပ်စလုံးက ပူးပေါင်း ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

"လူထုကို ကာကွယ်ပေးနိုင်ဖို့အတွက် အစိုးရအချင်းချင်း လက်တွဲလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ အခုလောလောဆယ်မှာတော့ အစိုးရနှစ်ရပ် စလုံးက လူတွေကို အကာကွယ်ပေးမှုတွေ လုပ်ဆောင်မနေပါဘူး။ ဒါဟာ သိပ်ကို စိတ်မကောင်းစရာပါပဲ။ ဘာလို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာဆိုရင် ပါကစ္စတန်လက်အောက်က လွတ်မြောက်ဖို့ ကြိုးပမ်းစဉ် ၁၉၇၁ ခုနှစ်မှာတုန်းက လူမျိုးတုန်းသတ်ဖြတ်ခံရမှုမျိုး ကြုံတွေ့ခဲ့ရဖူး ပါတယ်။ မြန်မာနိုင်ငံဟာဆိုရင်လည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ မြန်မာစစ်တပ်ရဲ့ တိုင်းရင်းသားအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကြုံရဖူးပါတယ်။ ဒါကြောင့် နှစ်နိုင်ငံစလုံးက ဒီဒုက္ခတွေကို နားလည်ကြပါတယ်။ ဒါကြောင့်လည်း အခုလို ဒုက္ခတွေခံစားရအောင် ပြန်လုပ်နေကြတဲ့အပေါ် နားလည်ရလည်း အင်မတန်ခက်ပါတယ်။"

မြန်မာအာဏာပိုင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတာကြောင့် အခြေအနေမှန်တွေကို လေ့လာကြည့်ရှုဖို့ မကြာသေးခင်ကပဲ မြန်မာအစိုးရဦးဆောင်တဲ့ ကုလသမဂ္ဂ အရာရှိနဲ့ ၉ ဦးပါ သံတမန်အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ၂ ရက်ကြာခရီး သွားရောက်ခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအဝိုင်းကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ၂၀၁၂ ခုနှစ်မှာ လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး၊ လူ ၁ သိန်းကျော်ဟာလည်း အခုအချိန်အထိ ဒုက္ခသည်တွေအဖြစ် နေထိုင်နေရဆဲ အခြေအနေတွေကို ဖြေရှင်းဖို့ အပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်းလည်းဖြစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ ကိုဖီအာနန် ဦးဆောင်ပြီး - ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့တခုကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG