ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က တိုက်ခန်းတစ်ခန်းမှာ လိင်တူအခွင့်အရေး လှုပ်ရှားသူတစ်ဦးနဲ သူ့မိတ်ဆွေ တစ်ဦးတို့ကို အစ္စလာမ်မစ် စစ်သွေးကြွတွေလို့ ယူဆရသူတွေက ခုတ်ထစ် သတ်ဖြတ်သွားခဲ့ပါတယ်။
အနည်းဆုံး ငါးဦးပါဝင်တဲ့ လူတစ်စုဟာ လိင်တူအခွင့်အရေး လှုပ်ရှားသူ Xulhaz Mannan ရဲ့ တိုက်ခန်းဆီကို ပစ္စည်းပေးပို့သူ အယောင်ဆောင် ဝင်ရောက်လာကြပြီး၊ သူနဲ့သူ့မိတ်ဆွေကို ချွန်ထက်တဲ့ လက်နက်တွေနဲ့ တိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
လုံခြုံရေး အစောင့်လည်း သူတို့လက်ချက်ကြောင့် ဒဏ်ရာရရှိသွားသွားပါတယ်။ တိုက်ခိုက်သူတွေဟာ အဲဒီနေရာကနေ ထွက်ပြေးစဉ်မှာ ဘုရားသခင်ဟာ မြင့်မြတ်တယ်လို့ ဟစ်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
Mannan ဟာ USAID အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးလည်းဖြစ်ပြီး၊ ဒါကာမြို့က အမေရိကန် သံရုံးမှာ ဆက်ဆံရေးအရာရှိအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Marcia Bernicat က အခုလို သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်ကို ရှုံ့ချခဲ့ပါတယ်။
Mannan ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လိင်တူဆက်ဆံသူတွေအတွက် ထုတ်ဝေတဲ့ နိုင်ငံ့ရဲ့ တစ်ခုတည်းသော Rupban မဂ္ဂဇင်းရဲ့ အယ်ဒီတာလည်း ဖြစ်ပါတယ်။ မနှစ် ဧပြီလ ၁၄ ရက်က ဘင်္ဂါလီ နှစ်သစ်ကူးပွဲတော်နဲ့ တိုက်ဆိုင်ပြီး သက်တန့်ရောင် လိင်တူချင်း ဆက်ဆံသူတွေရဲ့ စုဝေးလှည့်လည်ပွဲတစ်ခုကို ဦးစီး ကျင်းပခဲ့ပါတယ်။
ဒီနှစ်မှာတော့ ကျယ်ပြန့်တဲ့ လုံခြုံရေး အရေးယူဆောင်ရွက်မှု တစိတ်တပိုင်းအဖြစ် ရဲက ဒီချီတက်ပွဲကို ပိတ်ပင်ခဲ့ပါတယ်။ အခုပိတ်ပင်ထားတဲ့ ပွဲမတိုင်ခင် သူ့အနေနဲ့ အွန်လိုင်းပေါ်ကနေ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းချောက်မှုတွေကို လက်ခံရရှိတယ်လို့ Mannan က AFP ကို ပြောကြားခဲ့ပါတယ်။
Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ဒီတိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။