သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေသိက္ခာရှိစွာ ပြန်နိုင်ရေး နိုင်ငံတကာကဖိအားပေးဖို့ ဘင်္ဂလားဝန်ကြီးချုပ် ထပ်မံတိုက်တွန်း


ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ သိက္ခာရှိရှိ နေရပ်ပြန်နိုင် အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ဒီနေ့ပဲ ထပ်မံတိုက်တွန်း လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေထဲက အထူးသဖြင့် လူငယ်လူရွယ်ေ တွအနေနဲ့ နေရပ် မပြန်နိုင်ဘဲ အချိန်ကြာလာတာနဲ့အမျှ စိတ်ပျက်လက်ပျက် ဖြစ်ရာက အကြမ်းဖက်ဝါဒနဲ့ စစ်သွေးကြွတွေအဖြစ် အသွင်ပြောင်းသွားနိုင်တဲ့ အန္တရာယ် ရှိနေကြောင်းလည်း ဒက္ကားမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲ အဖြစ် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေ ကို စိစစ်ပြီး ပြန်လည် လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ရုံး (UNHCR) ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့လည်း ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး သီးခြားလက်မှတ်ရေးထိုး သဘောတူထားပေမဲ့ လက်တွေ့ အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေပါတယ်။

ဒီနေ့မှာပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abdul Momen ကလည်း သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အနေနဲ့ မုတ်သုန်ရာသီမှာ ရေကြီးမြေပြိုမှု အန္တရာယ်တွေ ရှိနေတာကြောင့် Bhasan Char ကျွန်းက ဒုက္ခသည် စခန်း သစ်ကို ပြောင်းရွှေ့ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။ ဒုက္ခသည်တွေကို ရွှေ့ပြောင်းနေရာချထားဖို့ အသင့်ရှိ နေပြီ ဖြစ်ကြောင်းလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ (IOM) တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG