သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲ အနည်းဆုံး လူ ၁ ဦးသေ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြကြရာမှာ ဒီနေ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ တစ်ဦးသေဆုံးကာ၊ ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရသွာခဲ့ပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ်လို့ မနေ့က ကြေညာအပြီးမှာ ဆန္ဒပြသူတွေက ပေါက်ကွဲစေတာတွေ ပစ်ထည့်တာနဲ့ ကားလမ်းတွေ မီးရထားလမ်းတွေကို ပိတ်ဆို့ဖျက်ဆီးတာတွေ လုပ်ခဲ့ချိန်မှာ အခုလို ရဲတွေနဲ့ ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်က အစိုးရသစ် ရွေးကောက်ပွဲအတွက် ကြေညာခဲ့ချိန်မှာ အတိုက်အခံခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဟောင်း Khaleda Zia ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေက လက်ရှိ ဝန်ကြီးချုပ် နှုတ်ထွက်ပေးပြီး၊ ဘက်မလိုက်တဲ့ ယာယီ ကြားဖြတ်အစိုးရကသာ ရွေးကောက်ပွဲကို ကြီးကြပ်မှ မျှတမယ်လို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် Sheikh Hasina အနေနဲ့ အခုလို ကြားဖြတ်အစိုးရဖွဲ့ပေးဖို့ ငြင်းဆိုခဲ့တာကိုလည်း ဒီဆန္ဒပြသူတွေက ကန့်ကွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတုန်းက အခုလို ကြားဖြတ်အစိုးရကနေ ရွေးကောက်ပွဲကို ဦးစီးလုပ်ပေးခဲ့ပေမဲ့၊ ဝန်ကြီးချုပ် Hasina ကတော့ ရွေးကောက်ပွဲကြီးကြပ်ရေးအတွက် ပါတီပေါင်းစုံပါတဲ့ အဖွဲ့တခုကိုပဲ ပြီးခဲ့တဲ့အပတ်က ဖွဲ့စည်းပေးခဲ့ပါတယ်။

အတိုက်အခံပါတီတွေဘက်ကတော့ အခုလို ကြားဖြတ်အစိုးရတခု မဖွဲ့နိုင်ရင် လက်ရှိ အာဏာရပါတီက ရွေးကောက်ပွဲမှာ မဲလိမ်သွားမှာကို စိုးရိမ်နေကြပါတယ်။ မကြာခင်က သီတင်းပတ်တွေအတွင်းမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး လူပေါင်းအနည်းဆုံး ၃၀ သေဆုံးခဲ့ပြီး၊ ရာနဲ့ချီ ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။
XS
SM
MD
LG