သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်မိသားစုတစု ပထမဆုံးပြန်သွားတဲ့သတင်းအပေါ် ဘင်္ဂလားဒေ့ရှ် တုံ့ပြန်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား no-man's land နေရာရှိ ဒုက္ခသည်စခန်း။ ၄ စက်တင်ဘာ ၂၀၁၇။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား no-man's land နေရာရှိ ဒုက္ခသည်စခန်း။ ၄ စက်တင်ဘာ ၂၀၁၇။

မောင်တောဒေသအကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာသွားခဲ့ကြတဲ့ မိသားစုဝင်တွေအနက် ပထမဆုံးပြန်လာတယ်ဆိုတဲ့ အစ္စလာမ်ဘာသာဝင် မိသားစုဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားက မြေကွက်လေးမှာ နေထိုင်ခဲ့ကြသူတွေဖြစ်တယ်လို့ ဒုက္ခ သည်ရေးရာ ဘင်္ဂလားဒေ့ရှ်ကော်မရှင်နာမင်းကြီး Mohammad Abul Kalam က AFP သတင်းဌာနကို ပြောပါတယ်။

သဘောကတော့ ဒီမိသားစုပြန်သွားတဲ့ကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တရားဝင် ပါဝင်ပတ်သက်တာမျိုး မရှိခဲ့ဘူးလို့ ဆိုလိုတာပါပဲ။

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကလည်း “အမှန်တကယ်က ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းကို မစရ သေးပါဘူး” လို့ပြောပြီး မိသားစုတစုတည်း ပြန်သွားတယ်ဆိုတာကတော့ အဓိပ္ပါယ်ပြည့်ဝတဲ့ လုပ်ဆောင်ချက်တခုမဟုတ်ဘူးလို့ AFP ကို တနင်္ဂနွေနေ့ကပြေ့ာပါတယ်။ “ပြန်လည်ပို့ဆောင်ရေးလုပ်ငန်း ဘယ်တော့စမယ်ဆိုတာ ကျနော်တို့မသိပါဘူး၊ ဒီလူတွေကို ပြန်လက်ခံမယ်ဆိုတဲ့ ယုံကြည်မှုမျိုးရဖို့ အခြေအနေတခုကို သူတို့ဘက်က မဖန်တီးနိုင်သေးပါဘူး” လို့လည်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။

မြန်မာပြန်ကြားရေးဌာနရဲ့ ဖေ့စ်ဘုတ်ပေါ်က သတင်းထဲမှာတော့ ပြန်လာတဲ့ မိသားစုငါးဦးကို လိုအပ်တာတွေ စစ်ဆေးပြီးတဲ့ နောက် သတ်မှတ်ချက်နဲ့ညီတဲ့ မိသားစုဝင်တွေကို National Verification ကဒ်ပြားတွေ နေ့ချင်းပြီး လုပ်ပေးခဲ့တယ်လို့ ဖော်ပြထား ပါတယ်။ ဒါပေမဲ့ မိသားစုဝင်ငါးဦးထဲက ဘယ်နှဦးကို NV ကဒ်ပြား ထုတ်ပေးခဲ့တယ်ဆိုတာကိုတော့ အတိအကျ ပြောမထားပါဘူး။

အဲဒီမိသားစုကို မောင်တောမြို့ပေါ်က သူတို့ဆွေမျိုးတွေရဲ့အိမ်မှာ ယာယီ ပို့ဆောင်ပေးခဲ့တယ်လို့ ပြန်ကြားရေးသတင်းထဲမှာ ဖော်ပြထားပြီး နောက်ထပ် ဘယ်လိုဆက်လုပ်သွားမယ် ဆိုတာကိုလည်း အတိအကျ ဖော်ပြမထားပါဘူး။

ဒါ့အပြင် သိပ်မကြာခင်မှာ ပြန်လာမယ့် နောက်ထပ် မိသားစုတွေ ရှိနေသေးသလားဆိုတာကိုလည်း ပြောမထားဘဲ ဒီမိသားစု ထွက်ပြေးချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ တခြားမိသားစုဝင်တွေရဲ့ အခြေအနေမှန်ကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်အတွက် အထောက်အကူပြုနိုင်မယ့် အချက်တွေကို ဆက်ပြီး စုံစမ်း ဆောင်ရွက်သွားမယ်လို့ပဲ ဖော်ပြထားပါတယ်။

ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ဘေးရန်ကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ရင်းပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

ဒုက္ခသည်တွေပြန်ပို့ရေးဆိုင်ရာ လုပ်ငန်းမူဘောင်တခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အပြီးသတ်လုပ်ဆောင်ပြီးသွားပြီလို့ ဒုက္ခသည် ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR ကပြောထားပြီး မြန်မာနိုင်ငံနဲ့ သဘောတူညီချက်ရဖို့ ညှိနှိုင်းနေတုန်းပဲလို့ သောကြာနေ့က ပြောပါတယ်။

မြန်မာနိုင်ငံကအခြေအနေတွေဟာ ဘေးရန်ကင်းပြီး ဂုဏ်သိက္ခာရှိစွာနဲ့ ရေရှည်ခိုင်မာတဲ့ နေရပ်ပြန်ခြင်းမျိုးဖြစ်မယ့်အခြေအနေ မရှိသေးဘူးလို့လည်း UNHCR ကပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG