သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခဂယက် ဘင်္ဂလားဒေ့ရှ်အစိုးရ စိုးရိမ်


ရခိုင်ပြည်နယ် မောင်တောဒေသက မူဆလင်ရွာသားများ။ ( အောက်တိုဘာ ၂၇၊ ၂၀၁၆)
ရခိုင်ပြည်နယ် မောင်တောဒေသက မူဆလင်ရွာသားများ။ ( အောက်တိုဘာ ၂၇၊ ၂၀၁၆)

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကြောင့် စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း တရားဝင် အသိပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးအတွက် ဆောင်ရွက်နေရတဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ် လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်သူ ရာနဲ့ချီ ရောက်လာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက အခြေအနေတွေ အပေါ် စိုးရိမ်ပူပန်တဲ့ အကြောင်း တရားဝင်အသိပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ သံအမတ်ကြီးကို တနင်္လာနေ့က ဆင့်ခေါ် ခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာအသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ပဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နယ်မြေမအေးချမ်း ဖြစ်မှုတွေ၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နီု်င်ငံတွင်းကို ထွက်ပြေးဝင်ရောက်လာနေတာတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကလာတဲ့ သတင်းတွေက ဖော်ပြကြပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျကတော့ ပဋိပက္ခဖြစ်ရာ ဒေသမှာ မြန်မာနိုင်ငံဘက်က ဆောင်ရွက်နေတဲ့ အခြေအနေတွေကို တွေ့ဆုံချိန်မှာ ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

" ကျနော်တို့ဘက်ကလည်း ကျနော်တို့ရဲ့ လုံခြုံရေးလိုအပ်ချက်အရ ဒါတွေကို အရေးယူဆောင်ရွက်နေတဲ့အနေအထားတွေကို သူတို့ကိုရှင်းပြပါတယ်။ သံအမတ်ကြီးကလည်း ကျနော်တို့ဆီက ပံ့ပိုးပေးတဲ့အချက်အလက်တွေပေါ့လေ။ တကယ် ဖြစ်စဉ်ဖြစ်ကတည်းကပေါ့လေ ဘင်္ဂလားဒေ့ရှ်က အများကြီး ပူးပေါင်းပါဝင်မှုရှိပါတယ်။ ဒီ့အတွက်လည်း ကျေးဇူးတင်တယ်။ ပူးပေါင်းပါဝင်မှုက ရှေ့လျောက်လည်း ဆက်ပြီးတော့ ပူးပေါင်းပါဝင်သွားမယ်လို့ မျှော်လင့်ကြောင်း ကျနော်တို့ အဓိက ပြောခဲ့တာပါပဲ။ ကျနေ်ာတို့ဘက်ကတော့ အတတ်နိုင်ဆုံး မူလအခြေအနေအထိအောင် လုပ်သွားမယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ ရပ်တည်ထားပါတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နှစ်နိုင်ငံဆိုင်ရာ ကောင်စစ်အတွင်းဝန် Kamrul Ahsan ကတော့ ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေ ချိန်မှာ လူ့အခွင့်အရေး နှောင့်ယှက်မှုတွေ၊ အင်အားသုံး ဆောင်ရွက်မှုတွေ အပါအဝင် စွပ်စွဲပြောဆိုနေတဲ့ မဆင်မခြင် လုပ်ဆောင်မှုတွေနဲ့ ပတ်သတ်လို့ သမာသမတ်ကျတဲ့ စုံစမ်းဖော်ထုတ်မှုတွေ ဆောင်ရွက်နိုင်အောင် နိုင်ငံတကာ အသိုင်းအဝိုင်း က တောင်းဆို ထားတာတွေကို မြန်မာ အစိုးရအနေနဲ့ စဉ်စားပေးသင့်တယ်လို့ တိုက်တွန်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက သတင်းတွေက ဖော်ပြပါတယ်။

ဒါ့အပြင် ရခိုင် ပြည်နယ်မှာ လူနည်းစု မူဆလင်တွေ နယ်စပ် ဖြတ်ကျော်ပြီး ခိုလုံရာနေရာတွေ မရှာရလေအောင် မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို သင့်တော်တဲ့ နည်းလမ်းတွေ သုံးပြီး မြန်မြန်ဆောင်ရွက်ဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က သံအမတ်ကြီး ဦးမျိုးမြင့်သန်းနဲ့ တွေ့ဆုံချိန်မှာ မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ လက်ရှိဖြစ်ပျက်နေတဲ့ လူနည်းစု မူစလင် အရေးနဲ့ ပတ်သတ်လို့ လတ်တလော မြန်မာအစိုးရနဲ့ တိုက်ရိုက် ဆက်သွယ် ညှိုနှိုင်းတာမျိုး မရှိသေးပေမဲ့ မကြာခင်မှာ ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိ သူတွေကြား တွေ့ဆုံညှိနှိုင်းပွဲတစ်ခု ပြုလုပ်သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။

တစ်လကျော်ကြာမြင့်နေပြီဖြစ်တဲ့ ဒီပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို နယ်စပ် ဖြတ်ကျော်ဝင်ရောက်နေသူ ရာနဲ့ချီ ရှိနေပြီလို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ်မှာတော့မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးကျော်ဇေယျကတော့ အခုလို တုန့်ပြန်ပါတယ်။

"တချို့အပိုင်းလေးတွေကျတော့လည်း ကျနေ်ာတို့ သတင်းအချက်အလက်ရတာ ကွာခြားမှုတော့ရှိပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ဘက်က နားလည် သလောက်ကတော့ အချို့က မြေပြင်မှာရှိတဲ့သတင်းချက်အလက်ကို မှန်ကန်မှုရှိမရှိ၊ နောက်တခါ ဘယ်လောက်အတိုင်းအတာအထိဆိုတာ သွားရောက်စစ်ဆေးဖို့ လုပ်ဆောင်ထားတယ်လို့ ကျနော် နားလည်ပါတယ်ခင်ဗျ။"

တစ်ချို့ လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့တွေက ပြီးခဲ့တဲ့ တနင်္လာနေ့ တစ်ရက်တည်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ၈၀၀ ကျော် ကုလသမဂ္ဂ စခန်းတွေမှာ ဝင်ရောက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။ ဒီရက်ပိုင်း အတွင်းမှာပဲ မောင်တောဒေသတွင်းက ကျေးရွာ တစ်ရွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ တစ်ထောင်ကျော်ကို မြန်မာအစိုးရက တွေ့ရှိထားပြီး အစားအသောက်နဲ့ တခြား လိုအပ်တာတွေကိုလည်း ကူညီထောက်ပံ့ပေးနေပါတယ်။

မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အတွင်း သေဆုံးသူ ဦးရေ ၈၀ ကျော် ရှိနေပြီလို့ လူ့အခွင့်အရေး လုပ်ရှားသူတွေက ခန့်မှန်းပြောဆိုနေကြသလို မြန်မာအစိုးရဘက်ကလည်း ဒီဖြစ်စဉ်မှာ ပါဝင်တယ်လို့ သံသယရှိသူ ၄၀၀ ကျော်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG