သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Islamist ခေါင်းဆောင် သေ ဒဏ် အယူခံ ဘင်္ဂလားဒေ့ရှ် ပယ်ချ


Jamaat-e-Islami ပါတီခေါင်းဆောင် Motiur Rahman Nizami။
Jamaat-e-Islami ပါတီခေါင်းဆောင် Motiur Rahman Nizami။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလအတွင်း စစ်ရာဇဝတ် ပြစ်မှုတွေ ကျူးလွန်ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ Islamist ပါတီ ခေါင်းဆောင် Motiur Rahman Nizami ရဲ့ အယူခံကို တရားရုံးချုပ်က ကြာသပတေးနေ့က ပယ်ချလိုက်ပါတယ်။ ဒါကြောင့် သူဟာ မကြာခင် ရက်တွေအတွင်းမှာပဲ ကြိုးပေးကွပ်မျက်တာ ခံရနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံး Islamist ပါတီ Jamaat-e-Islami ရဲ့ ခေါင်းဆောင်ဖြစ်သူ Nizami ကို လူမျိုးတုန်း သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ တိုင်းပြည်က ထိပ်တန်းပညာရှင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတာတွေအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ထားတာပါ။

သူဟာ ပဋိပက္ခတွေ ကြီးထွားနေချိန်မှာ ထိပ်တန်း စာရေးဆရာတွေ၊ ဆရာဝန်တွေ၊ သတင်းသမားတွေကို သတ်ဖြတ်ခဲ့တဲ့ ပါကစ္စတန် လိုလားတဲ့ ပြည်သူ့စစ်အဖွဲ့ Al-Badr ကို ထူထောင်ရာမှာ တာဝန်ရှိသူ တဦးလို့လည်း အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။ အသတ်ခံခဲ့ရသူတွေရဲ့ မျက်နှာကို အဝတ်စည်းထားပြီး လက်တွေကို ကြိုးတုပ်ထားတာဖြစ်ပြီး သူတို့ရဲ့ အလောင်းတွေကို နောက်ပိုင်းမှာ ဒက္ကားမြို့စွန်က နွံအိုင်ထဲမှာ တွေ့ရှိခဲ့တာပါ။

ဒက်ကားမြို့တော်မှာတော့ လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။ ၂၀၁၃ ခုနှစ်က Jamaat-e-Islami ပါတီရဲ့ တခြား တာဝန်ရှိသူတွေကို အရေးယူခဲ့စဉ်တုန်းကတော့ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး သွေးထွက်သံယို ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပြီး၊ အစ္စလာမ်ဝါဒီတွေနဲ့ ရဲတွေကြား အဓိက ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေအတွင်း လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ရတာပါ။

ပါတီခေါင်းဆောင် Nizami ကိုတော့ ၂၀၁၀ ပြည့်နှစ်မှာ ဝန်ကြီးချုပ် Sheikh Hasina က ဖွဲ့စည်းခဲ့တဲ့ အငြင်းပွားဖွယ် နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံးကနေ ၂၀၁၄ အာက်တိုဘာလမှာ သေဒဏ် စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၁ နှစ် ရှိပြီဖြစ်တဲ့ Nizami ဟာ ၂၀၀၀ ခုနှစ်မှာ Jamaat-e-Islami ရဲ့ ခေါင်းဆောင်ဖြစ် လာခဲ့ပြီး သူဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အစ္စလာမ်ဝါဒီတွေနဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ အစိုးရအဖွဲ့က ဝန်ကြီးတဦးဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG