ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ စနေနေ့က တက္ကသိုလ်ပါမောက္ခတဦး အသတ်ခံခဲ့ရပြီး၊ အစ္စလာမ်မစ် စစ်သွေးကြွတွေအဖြစ် သံသယရှိသူတွေကနေ တခြားသူတွေကို သတ်ဖြတ်ခဲ့တဲ့ တိုက်ခိုက်မှုမျိုးနဲ့လည်း တူနေပါတယ်။
Rezaul Karim Siddique ဟာ Rajshahi မြို့က သူ့အိမ်နားမှာတင် တက္ကသိုလ်ကျောင်းကိုသွားဖို့ ဘတ်စ်ကားစောင့်နေပုံ ရတဲ့အချိန် နောက်ကျောကနေ ဓားနဲ့ အခုတ်ခံခဲ့ရတာဖြစ်ပါတယ်။
Rajshahi တက္ကသိုလ်က အသက် ၅၈ နှစ်အရွယ် အင်္ဂလိပ်စာ ပါမောက္ခဟာ ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ် တော်တော်များများအတွက် အကြံပေးနေသူ တဦးလည်းဖြစ်ပါတယ်။
Rajshahi မြို့ရဲ့ ရဲမင်းကြီး မိုဟာမက် ရှမ်ဆုဒင်း (Mohammad Shamsuddin) ကတော့ - တိုက်ခိုက်မှု ပုံစံကို စစ်ဆေးတွေ့ရှိချက်အရ အစွန်းရောက်အုပ်စုတွေက ကျုးလွန်ခဲ့ပုံရတယ်လို့ အာဏာပိုင်တွေက သံသယရှိတဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါ တယ်။
အခုနောက်ဆုံး ရက်ရက်စက်စက် သတ်ဖြတ်မှုဟာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေး အစွဲကင်းသူတွေနဲ့ ဘာသာမဲ့သူတွေအပေါ် အစ္စလာမ်မစ် စစ်သွေးကြွတွေက ဓားနဲ့ခုတ် သတ်ဖြတ်တဲ့ တခြားတိုက်ခိုက်မှုတွေနဲ့လည်း ဆင်တူနေပါတယ်။
IS စစ်သွေးကြွအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာဖြစ်တယ်လို့ ပြောဆိုထားကြောင်း - အစွန်းရောက် ဂျီဟဒ်ဝါဒီ အင်တာနက်ဝပ်ဆိုဒ်ကို စောင့်ကြည့်တဲ့ SITE ထောက်လှမ်းရေးအဖွဲ့က ပြောဆိုပါတယ်။