ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ဒီကနေ့ ဘတ်စ်ကားတစင်းကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်မှုဖြစ်အပြီး လူ ၇ ထက်မနည်း သေဆုံးသွားပါတယ်။
မနက်အရုဏ်တက်ချိန်မှာ Cox’s Bazaar မြို့ကနေ ဒါကာ မြို့တော်ကို ထွက်ခွာလာတဲ့ ခရီးသည်အပြည့်နဲ့ ဘတ်စ်ကား အဝေးပြေး လမ်းမကြီးပေါ်မှာ မောင်းနှင်နေတုန်း မီးလောင်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတာပါ။
လူ ၁၆ ယောက်မကလည်း ဒဏ်ရာရသွားကြပြီး၊ အများစုဟာ မီးလောင်ဒဏ်ရာတွေ ရထားတာ ဖြစ်ပါတယ်။
သူတို့ကို ဒါကာ ဆေးကောလိပ် ဆေးရုံမှာ တင်ထားပါတယ်။ ဒီ တိုက်ခိုက်မှုကို အတိုက်အခံတွေ ပြုလုပ်တာလို့ အခင်းဖြစ်ပွားတဲ့ Comilla ခရိုင် ရဲချုပ်က ပြောပေမဲ့ ဒါကို အတိုက်အခံတွေ ငြင်းပါတယ်။
များသောအားဖြင့် မော်တော်ယဉ်တွေကို နိုင်ငံရေးပယောဂပါတဲ့ မီးလောင်ဗုံးနဲ့ တိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ အစောပိုင်းကတည်းကစလို့ လူ ၅၃ ဦးမက သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် Sheikh Hasina ရာထူးက ဆင်းပေးဖို့အတွက် အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Khaleda Zia က နိုင်ငံတဝှမ်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ဇန်နဝါရီလမှာ ကတည်းက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနိုင်ငံရေးသမား ၂ ဦးဟာ သူပြိုင်ကိုယ်ပြိုင် အာဏာအသာရဖို့ ကြိုးပမ်းနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ Ms. Zia နဲ့ သူ့လက်ထောက်တွေကတော့ ဒီ တိုက်ခိုက်မှုမှာ သူတို့ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုပါတယ်။