လုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုကြတဲ့ ထောင်နဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ်က အထည်ချုပ် အလုပ်သမားတွေ မနေ့ တနင်္ဂနွေနေ့က ဆန္ဒပြကြတာမှာတော့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
လုပ်ခလစာ တိုးမြှင့်ရရှိရေး ဆန္ဒပြမှုတွေက သတင်း ၂ပတ်ထဲကို ရောက်လာပါပြီ။ ဒါကာမြို့ပြင်က အထည်ချုပ်လုပ်ငန်းတွေရဲ့ အချက်အချာ Savar မှာ ဆန္ဒပြကြတဲ့ စက်ရုံ အလုပ်သမားတွေကို လူစုခွဲဖို့ ရဲတွေက မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးခဲ့ပါတယ်။
အလုပ်သမားတွေက အဝေးပြေး လမ်းမကြီးကို အတားအဆီး ဖြစ်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင် လူစုခွဲခဲ့ရတာလို့ စက်မှုှဇုံ ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး Sana Shaminur Rahman က AFP ကို ပြောပါတယ်။ ဆန္ဒပြမှုတွေကြောင့် စက်ရုံကြီး တခု အပါအဝင် စုစုပေါင်း ၅၂ ရုံလောက် အလုပ်တွေ ရပ်နားထားရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတော့ ဆန္ဒပြ အလုပ်သမား ၅ ထောင်လောက်ကို ရဲတွေက ရာဘာကျည်ဆန်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အလုပ်သမား တဦး သေဆုံးခဲ့ရပါတယ်။ အထည်ချုပ် အလုပ်သမား တဦးရဲ့ အနိမ့်ဆုံး လုပ်အားခ တလကို ၉၅ ဒေါ်လာ အထိ တိုးမြှင့်ပေးခဲ့ပေမယ့်လည်း အလုပ်သမားတွေကတော့ နေထိုင်စာရိတ်ကြီးမြင့်မှုကို မကာမိဘဲ မဖြစ်စလောက် တိုးမြှင့်မှုသာ ဖြစ်တယ်လို့ ပြောဆိုနေကြတာပါ။ အလုပ်သမားတွေကတော့ မကြုံစဖူး စည်းလုံးနေကြပြီး သူတို့ တောင်းဆိုမှု မရမချင်း ဆန္ဒပြနေကြမှာ ဖြစ်တယ်လို့လည်း အလုပ်သမား သမဂ္ဂ ခေါင်းဆောင် Aminul Islam က AFP သတင်းအေဂျင်စီကို ပြောပါတယ်။ လူဦးရေ ၁၆၅ သန်း ရှိတဲ့ ဘင်္ဂလားဒေ့င်္ရှနိုင်ငံမှာ လုပ်ခ သက်သာတဲ့ စက်ချုပ်သမားတွေနဲ့ အထည်ချုပ်လုပ်ငန်းတွေ အပေါ်မှာ မှီခိုနေတာပါ။ နိုင်ငံရဲ့ ပြည်ပ တင်ပို့တဲ့ ဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အဝတ်အထည်တွေ ပြည်ပ တင်ပို့မှု ဖြစ်ပါတယ်။