မြန်မာနိုင်ငံနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားပြည်နယ် စိန်မာတင်ကျွန်းနားမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ငါးဖမ်းစက်လှေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတယောက် ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြခဲ့တာ မဟုတ်မမှန်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၇ ရက်က မြန်မာရေတပ် ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေရှ့် ငါးဖမ်းသမားတယောက် လက်ကို ထိမှန်ခဲ့တယ်လို့ Dhaka Tribune သတင်းမှာ ဖော်ပြခဲ့ပါတယ်။ ဒီဖော်ပြချက်ဟာ ၂ နိုင်ငံဆက်ဆံရေးပျက်အောင် ရည်ရွယ်လုပ်တာ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၇ ရက် ဗုဒ္ဓဟူးနေ့တုန်းက ပစ်ခတ်မှု ဖြစ်တယ်ဆိုတဲ့နေရာမှာ မြန်မာစစ်သင်္ဘောတွေ ရှိမနေခဲ့ကြောင်းနဲ့ နေ့လည် ၂ နာရီ ထိုးခါနီးမှာသာ စစ်တွေဘက်ကနေ ရိက္ခာဖြည့်ပြီး ပြန်လာတဲ့ စစ်ရေယာဉ်တစီး အနောက်တောင်ဘက် ၅ မိုင်အကွာလောက်မှာ ရှိနေခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ ၂ နိုင်ငံကြား ဆက်ဆံရေး မထိခိုက်အောင် နယ်စပ်ဒေသဆက်ဆံရေးကို မြန်မာဘက်က သတိထားဆောင်ရွက်နေတယ်လို့လည်း ဆိုထားပါတယ်။
အောက်တိုဘာလတုန်းကလည်း မြန်မာရေပိုက်နက်အတွင်း မှားယွင်းရောက်ရှိသွားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ ၆ စီးကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၆၀ အရွယ် ငါးဖမ်းသမားတဦး သေဆုံးပြီး၊ ၅၇ ဦး အဖမ်းခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်ခဲ့ပြီး မြန်မာစစ်ကောင်စီကို ကန့်ကွက်ခဲ့ပါတယ်။
Forum