မြန်မာနိုင်ငံအနောက်ဘက် အိမ်နီးချင်း Bangladesh နိုင်ငံမှာ စိတ်ကြွဈေးရောင်းဝယ်ဖောက်ကားသူ ၁၀၂ ဦး အစိုးရဆီမှာ လာပြီးအဖမ်းခံခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကလို ဖမ်းမိရင် သတ်ခံရနိုင်တဲ့ မူးယစ်ဆေးစစ်ဆင်ရေးမျိုး လုပ်မှာ ကြောက်လို့ သက်ဆိုင်ရာနဲ့ ကြိုညှိနှိုင်းပြီး ဒီကနေ့ လာပြီး လက်နက်ချကြတာဖြစ်တယ်လို့ အရာရှိတွေ က ပြောပါတယ်။ Bangladesh နိုင်ငံမှာက ယာဘစိတ်ကြွဆေးသုံးစွဲမှု တိုးလာပြီးတဲ့နောက် အစိုးရက အခုလို မူးယစ်ဆေးနိုမ်နင်းမှု စစ်ဆင်ရေး ပြုလုပ်တာပါ။
ယာဘဖြန့်တဲ့ မူးယစ်ရာဇာ ၂၄ ဦးနဲ့ သူတို့ရဲ့ နောက်လိုက်တွေ ပြည်ထဲရေးဝန်ကြီးဆီမှာ အခုလို လက်နက်ချတဲ့ အခမ်းအနားကို မြန်မာနိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ Teknaf မြို့မှာ ကျင်းပခဲ့ပြီး ဒီမြို့ကလည်း မြန်မာနိုင်ငံမှာ ထုတ်တဲ့ စိတ်ကြွဆေးတွေ Bangladesh နိုင်ငံထဲ ဝင်တဲ့ ဝင်ပေါက်မြို့လည်း ဖြစ်ပါတယ်။ ဒီနေ့ အခမ်းအနားမှာ တော့ အနီရောင် ယာဘဆေးလုံး ၃ သိန်းခွဲနဲ့ သေနတ် အလက် ၃၀ ကို အစိုးရဆီ အပ်လိုက်ကြပါတယ်။
အခုလို လက်နက်ချလာသူတွေကို ပစ်ဒဏ်လျှော့ပေါ့စီရင်ပြီး သူတို့ဘဝကို သူများတွေနည်းတူ ပြန်ရှင်သန် ရပ်တည်နိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ရဲချုပ် Mohammad Javed Patwary က ပြောပါ တယ်။
ဒီမူးယစ်ဖောက်ကားမှု ဝင်ပေါက် Teknaf မြို့ဟာ မြန်မာနိုင်ငံက ပြေးလာတဲ့ ရိုဟင်ဂျာ တသန်းလောက် ခိုလှုံ နေတဲ့ Cox's Bazar ခရိုင်မှာ ရှိပြီး တချို့တွေက ရိုဟင်ဂျာတွေကို အသုံးချပြီး ယာဘ စိတ်ကြွဆေးတွေကို မြန်မာနိုင်ငံကနေ သယ်ယူနေတာ ဖြစ်ပါတယ်။ Bangladesh နိုင်ငံမှာက မနှစ်က မေလမှာ မူးယစ်ဆေး မှောင်ခိုကို နှိမ်နင်းတာ စလုပ်ကတည်းက မူးယစ်ဆေးရောင်းဝယ်သူ ၃၀၀ နီးပါး သေဆုံးခဲ့ရပြီးဖြစ်သလို ၂ သောင်းခွဲလောက် အဖမ်းခံထားရပါတယ်ရှင်။