သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဆန့်ကျင်သူ ဘင်္ဂလားဒေ့ရှ် သောင်းနဲ့ချီ ဆန္ဒပြ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဓိကအတိုက်အခံ BNP ပါတီကို ထောက်ခံသူ သောင်းနဲ့ချီ မြို့တော်ဒါကာမှာ ဒီနေ့ စုဝေးဆန္ဒပြပြီး၊ ဝန်ကြီးချုပ် ရှိက်ဟာဆီနာ (Sheikh Hasina) အစိုးရ ဆင်းပေးဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဝန်ကြီးချုပ် Hasina အစိုးရက တနိုင်ငံလုံးမှာ သူတို့အတိုက်အခံပါတီအပေါ် ထောက်ခံသူတွေကို နှိပ်စက်နေတဲ့အတွက် စစ်တကောင်းပြည်နယ်ကနေ မြို့တော်အထိလာပြီး ဆန္ဒပြရတာ ဖြစ်တယ်လို့ ဒီဆန္ဒပြသူတဦးက ပြောပါတယ်။ အာဏာရှင်အစိုးရ ပြုတ်ကျဖို့အတွက် အခုလိုလာရောက် စုဝေး ဆန္ဒပြရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

နိုင်ငံတဝှမ်းမှာ လတ်တလော လတွေအတွင်း မီးပျက်မှု၊ လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေ ကြုံနေရတာကြောင့် ဝန်ကြီးချုပ်ဆင်းပေးဖို့၊ အိမ်စောင့်အစိုးရလက်ထက်မှာ ရွေးကောက်ပွဲသစ် ကျင်းပပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ ပေါ်ထွက်နေတာ ဖြစ်ပါတယ်။ လက်ရှိအစီအစဉ်အရ အထွေထွေ ရွေးကောက်ပွဲတွေကို ၂၀၂၃ နှစ်ကုန်ပိုင်းမှ ကျင်းပမှာ ဖြစ်ပါတယ်။ Dhaka မြို့တော်မှာ ဒီနေ့ စနေနေ့မှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲကြီးလုပ်ဖို့ BNP ပါတီက စီစဉ်နေကြတဲ့အချိန် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပါတီရုံးချုပ်ကို ရဲတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ရုံးချုပ်အပြင်မှာ အတိုက်အခံပါတီ ထောက်ခံသူတွေနဲ့ ရဲတွေကြား ပဋိပက္ခဖြစ်ခဲ့ကြတာမှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ လူစုခွဲခဲ့ပါတယ်။ အဲဒီပဋိပက္ခအတွင်း အနည်းဆုံး ၁ ယောက် သေဆုံးခဲ့ပါတယ်။ သောကြာနေ့ကလည်း BNP ပါတီခေါင်းဆောင် ၂ ယောက်ကို အကြမ်းဖက်ဖို့ လှုံ့ဆော်တယ်လို့ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။

==== Unicode====





XS
SM
MD
LG