သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖျက်ဆီးခံ ဘုန်းကြီးကျောင်းများ ပြန်ဆောက်ရေး ဘင်္ဂလားဒေ့ရ်ှအစိုးရ ကူညီမည်


ဘင်္ဂလားဒေ့ရှ် နယ်စပ် ရာမူးမြို့မှာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ ရတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတခုပုံ။ (အောက်တိုဘာလ ၂ ရက်၊ ၂၀၁၂)။
ဘင်္ဂလားဒေ့ရှ် နယ်စပ် ရာမူးမြို့မှာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ ရတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတခုပုံ။ (အောက်တိုဘာလ ၂ ရက်၊ ၂၀၁၂)။
ဘင်္ဂလားဒေ့ရှ့်နိုင်ငံ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက ဗုဒ္ဓ ဘာသာဝင်တွေအတွက် ဒေသခံ အာဏာပိုင်တွေ ဘက်က လုံခြုံရေးအပြည့် ယူပေးထားပြီး ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို ပြန်ပြီး အသစ်ဆောက်လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားနဲ့ ရာမူးမြို့တွေမှာ ထောင်ချီတဲ့ မူစလင်လူမျိုးတချို့ရဲ့ အကြမ်းဖက် ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးသွားရတဲ့ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ အိုးအိမ်တွေကို အသစ် ပြန် တည်ဆောက်ပေးဖို့ ပြင်ဆင်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကိုယ်တိုင် ကော့ဇက်ဘဇားနဲ့ ရာမူးမြို့တွေက အကြမ်းဖက် ဖျက်ဆီးခံလိုက်ရတဲ့ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်းတွေကို လာရောက်ကြည့်ရှု့ခဲ့ပြီးနောက်မှာ အစိုးရဘက်က လိုအပ်တဲ့အကူအညီ အထောက်အပံ့တွေ ပေးမှာ ဖြစ်တယ်လို့ ကတိပေးခဲ့တဲ့ အကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

“အခုကတော့ အစိုးရကတော့ လုပ်ပေးမယ် ဆိုပြီး ကတိကဝတ်တွေ ပေးထားတာ ရှိတယ်။ ကျောင်းတွေကို ပြန်လည် ဆောက်ပေးမယ်ပေါ့။ ဒီကျောင်းတွေဟာ ဆိုရင် ကျမတို့ ရခိုင်တွေ ဗမာတွေဆိုရင် ဗုဒ္ဓဘာသာ မရမကြီးလို့ခေါ်တာပေါ့။ ဒီလူမျိုးတွေက ထိန်းသိမ်းစောင့်ရှောက် ထားပေမဲ့လို့ ဒီဘုန်းတော်ကြီး ကျောင်းတွေဟာဆိုရင် ရခိုင်တွေရဲ့ ဘိုးဘွားပိုင် ဘုန်းတော်ကြီးကျောင်းတွေ ဖြစ်တယ်။ ကျမ တယောက်တည်း အနေနဲ့ ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာ အဆောက်အဦးတွေကို မီးရှို့တယ်၊ ဖျက်ဆီးတယ်ဆိုရင် အဲဒီနေရာတွေကို ဒီအတိုင်းပဲ ထားချင်တာပေါ့။ ဘုန်းတော်ကြီးကျောင်းတွေ ဆောက်ပေးမယ်၊ ဘာညာစသည်အားဖြင့် ဆိုရင်လည်း တခြား မြေယာ တခုခုမှာပဲ ကောင်းကောင်းမွန်မွန် ဆောက်ပေးစေချင်တယ်။ ပန်းဝါမြေမှာ ဆိုရင် ဒီလို ဖျက်ဆီးခံခဲ့ရတယ် ဆိုတာ သမိုင်းတခု ရှိနေရင်တော့ ကောင်းတယ်လို့ အဲဒီလိုပဲ မြင်တာပေါ့။ ဒါပေမဲ့ မပြောရသေးဘူး။ ရခိုင်တွေရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်မှာပေါ့။”

အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း လောလောဆယ် အနေအထားမှာတော့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေနဲ့ ဗုဒ္ဓ ဘာသာဝင် လူမျိုးတွေအတွက် ဒေသခံ အာဏာပိုင်တွေ ဘက်က လုံခြုံရေးအပြည့် ယူထားပေးတယ်လို့ သိရပါတယ်။

“ဗုဒ္ဓဘာသာ ရခိုင်တွေ နေတဲ့နေရာတွေဆိုရင် ရဲ အစောင့်အရှောက်တွေ ချထားပေးတယ်။ ဘုန်းတော်ကြီးကျောင်းတွေ မှာဆိုရင် ရဲနဲ့ RABT လို့ ခေါ်တဲ့ Rapid Action Battalion Force က လူတွေကို ချပေးထားတာ ရှိတယ်။ အစိုးရကတော့ တတ်နိုင်သလောက် နိုင်အောင်တော့ ဒီပြဿနာကို ရှင်းထားတယ်။ ဘင်္ဂလားဒေ့ရှ်မှာ။”

ဘင်္ဂလားဒေ့ရှ့်နိုင်ငံတွင်းက မြန်မာအခေါ် ပန်းဝါလို့ ခေါ်တဲ့ ရာမူး အရပ်ထဲက ဗုဒ္ဓ ဘာသာဝင် ဘုန်းတော်ကြီးကျောင်းတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်တွေကို အစဉ်အဆက် ထိန်းသိမ်းခဲ့ရာကနေ အခုလို မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အတွက် ဒေသခံ ဗုဒ္ဓ ဘာသာဝင်တွေ အနေနဲ့ ပြန်ပြီး အသစ်တည်ဆောက်ရေးထက် ဆုံးရှုံးမှုတွေ အတွက် စိတ်ထိခိုက်နေကြတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဲဒီအရပ်က ဒေသခံတွေဟာ ဘာသာမတူကြပေမဲ့ နှစ်ပေါင်းများစွာ ပဋိပက္ခတွေမဖြစ်ဘဲ နေထိုင်လာကြပြီးမှ၊ အခုလို အကြမ်းဖက်မှုတွေ ဖြစ်လာတာကြောင့် ဒေသခံ အစ္စလာမ် ဘာသာဝင်တွေဘက်က စိတ်မကောင်း ဖြစ်ကြတယ်လို့လည်း ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

“ဒီ ဘုန်းကြီးကျောင်းတွေ ပြိုပျက်သွားတဲ့အပေါ်မှာ ဒေသခံ ဘင်္ဂါလီတွေကလည်း အရမ်း စိတ်မကောင်း ဖြစ်ကြတဲ့လူတွေ ရှိတယ်လို့လည်း ကြားရတယ်။ ဒီလို ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ဖျက်ဆီးခြင်း ခံရတာဟာ ဆိုလို့ရှိရင် ပါကစ္စတန် လက်ထက်ကတောင် မဖြစ်ခဲ့ဘူးပေါ့နော်။ အဲဒီအချိန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အုပ်ချုပ်ခဲ့တာ ရာဇာဂါ လို့ခေါ်တယ်။ အဲဒီလို လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ အုပ်စုတွေ ရှိခဲ့တဲ့အချိန်ကတောင်မှ ဒီလို ဘုန်းကြီးကျောင်းတွေကို ဘာမှ မဖျက်ဆီးခဲ့ဘူး။ အခုချိန်မှာမှ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခံရတယ် ဆိုပြီးတော့ moderate ဖြစ်တဲ့ ဘင်္ဂါလီ မူစလင်တွေလည်း အရမ်း စိတ်မကောင်း ဖြစ်သံတွေ ကြားရတယ်။ သတင်းတွေမှာ လည်း နေ့တိုင်းတက်တယ်။ channel တိုင်းမှာ တက်တယ်။ ဘာသာမတူဘဲနဲ့ မကောင်းတာ မဟုတ်ဘူးပေါ့။ ဘာသာမတူပေမဲ့လို့ ဒီ ဗုဒ္ဓဘာသာ အပေါ်မှာ သံယောဇဉ် ရှိပြီးတော့ အမြင်ကျယ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ အတွက်လည်း လေးစားစရာပါပဲ။”

အကြမ်းဖက်ခံ ခဲ့ရတဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ကိုယ်တိုင် ဒီလိုအကြမ်းဖက်မှုတွေကို လုပ်ခဲ့တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပြီး နောင်ကို ဒီလိုမျိုး မဖြစ်အောင် ကိုင်တွယ် ဖြေရှင်းသွားမယ့် အကြောင်း ပြောသွားခဲ့ပါတယ်။
ဝန်ကြီးချုပ် ကိုယ်တိုင် အလှူငွေတွေနဲ့ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ အိမ်ဆောက်ပစ္စည်းတွေ လှူဒါန်းပြီး ဗုဒ္ဓဘာသာ မဟုတ်တဲ့ တခြားအလှူရှင်တွေ ကလည်း အကြမ်းဖက်ခံခဲ့ရတဲ့ သူတွေအတွက် လှူဒါန်းမှုတွေ ရှိပါတယ်။ အစိုးရ တာဝန်ရှိသူတွေနဲ့ ဒေသခံ အာဏာပိုင်တွေဘက်က လိုအပ်တာတွေကို ထောက်ပံ့ ကူညီပေးနေတယ်လို့ သိရပါတယ်။
XS
SM
MD
LG