သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း ကုလမှူးချုပ် ဒု-သက်တမ်း အရွေးခံရဖို့ သေချာ


ဘန်ကီမွန်း ကုလမှူးချုပ် ဒု-သက်တမ်း အရွေးခံရဖို့ သေချာ
ဘန်ကီမွန်း ကုလမှူးချုပ် ဒု-သက်တမ်း အရွေးခံရဖို့ သေချာ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကို ဒုတိယသက်တမ်းမှာ ဆက်ပြီး တာဝန်ထမ်းဆောင်နိုင်အောင် ရွေးချယ်ဖို့အတွက် လုံခြုံရေးကောင်စီက ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ ဘန်ကီမွန်းမှာ တခြားပြိုင်ဘက် မရှိဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဓိက အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုကို ရရှိထားတဲ့အတွက် ဒုတိယသက်တမ်း ပြန်အရွေးခံရဖို့ ရာနှုန်းပြည့်နီးပါး သေချာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီတပတ်ထဲမှာ မစ္စတာ ဘန်ကီမွန်းရဲ့ ဒုတိယ သက်တမ်းအတွက် လုံခြုံရေးကောင်စီက ထောက်ခံပေးပြီးရင် လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေ အစည်းအဝေးကနေ အတွင်းရေးမှူးချုပ် နေရာကို မဲပေး တင်မြှောက်ရမှာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူး ဒုတိယသက်တမ်း အဆိုပြုတဲ့ ကိစ္စကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြိုဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ အရေးပါတဲ့ အပြောင်းအလဲတွေကို ဆောင်ရွက်ခဲ့ပြီး ဟေတီ၊ အိုင်ဗရီကို့စ်၊ လစ်ဗျားနဲ့ တောင်ပိုင်းဆူဒန် ကိစ္စတွေ အပါအဝင် ကမ္ဘာတဝန်း ပဋိပက္ခနဲ့ စိန်ခေါ်မှုတွေမှာ အရေးကြီးတဲ့ အခန်းကနေ ပါဝင် ဆောင်ရွက်ခဲ့တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ အပတ်က ပြောဆိုခဲ့ပါတယ်။

ဒုတိယ ၅ နှစ် သက်တမ်းအတွက် ပါဝင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ မစ္စတာ ဘန်ကီမွန်းက တရားဝင် ကြေညာခဲ့ပါတယ်။

အသက် ၆၆ နှစ်အရွယ်ရှိတဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ ဘန်ကီမွန်းက ဒုတိယအကြိမ် ပြန်အရွေးခံပြီး အလုပ် လုပ်ကိုင်ပေးဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၂ နိုင်ငံကို ပန်ကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကစပြီး လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မစ္စတာ ဘန်ကီမွန်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပထမသက်တမ်း တာဝန်ကို ထမ်းဆောင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG