သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲများ ဆက်ဖြစ်နေမှု ဘန်ကီမွန်း စိုးရိမ်


ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အာဆီယံ အခမ်းအနားမှာ တွေ့ဆုံခဲ့စဉ်။
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အာဆီယံ အခမ်းအနားမှာ တွေ့ဆုံခဲ့စဉ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသတွေ ဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်း လတ်တလော တိုက်ပွဲတွေ အရှိန်အဟုန်မြင့်လာတာ အတွက် စိုးရိမ် စိတ်ပူကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက သမ္မတ ဦးသိန်းစိန်ကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာ အတွက် သမ္မတ ဦးသိန်းစိန် နဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်မှုကို ချီးကြူးခဲ့သလို အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းရင်း အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာ့ သမိုင်းဝင်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာအတွက် သမ္မတဦးသိန်းစိန်နဲ့ ဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ Stephen Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် များပြားတာကိုကြည့်ရင် ပြည်သူတွေ ဘယ်လောက်စိတ်အားထက်သန်တယ် ဆိုတာ ပြနေသလို ရွေးကောက်ပွဲကို စံနစ်ကျစွာနဲ့ ပွင့်ပွင့်လင်းလင်း ငြိမ်းငြိမ်းချမ်းချမ်း ဂုဏ်သိက္ခာ ရှိရှိ ကျင်းပနိုင်အောင် ပါဝင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ၊ဦးဆောင်ကျင်းပပေးတဲ့ သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့အပြင် ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက် ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် ကိုပါ အတွင်းရေးမှုးချုပ်က ဂုဏ်ပြုခဲ့ပါတယ်။"

အခုလိုသမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ တည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီ အခြေခံအုတ်မြစ်ကနေ အနာဂါတ်မျိုးဆက်သစ်တွေ အကျိုးကျေးဇူး ခံစားရမှာ ဖြစ်သလို၊ ငြိမ်းချမ်းပြီး လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်သွားနေတဲ့ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂက မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမှာ ဖြစ်ကြောင်း လည်း ပြောပါတယ်။ ဒါ့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

"အစိုးရသစ်ဖွဲ့ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေမှာ အဓိက အဖွဲ့အစည်းတွေအားလုံး ညီညွတ်တဲ့ စိတ်ဓါတ်နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေဟာ သိပ်ကိုအရေးပါကြောင်း အတွင်းရေးမှုးချုပ် က ထောက်ပြခဲ့ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်ရာမှာ အဓိက စိန်ခေါ်မှုတွေဖြစ်တဲ့ နိုင်ငံတော် ပြန်လည် တည်ဆောက်ရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး အပြင် လူနဲစုတွေကို ခွဲခြား ဆက်ဆံမှုတွေ၊ အသိုင်းဝိုင်းတွေကြား ကွဲပြားနေမှု ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်ဆောင်ရွက် ဖို့ တွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။"

လက်ရှိအစိုးရက ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေမှုတွေ ရှိပေမယ့် ပြည်နယ်တချို့မှာ အခုထိ တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိနေတာအတွက် အထူးစိုးရိမ်ကြောင်းလည်း ပြောခဲ့တာပါ။

"အခုလတ်တလော ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ အခြေနေတွေ ပိုမိုတင်းမာ လာနေတာနဲ့ ပါတ်သက်ပြီး ဒါဟာအရပ်သားတွေကို အသက်သေဆုံးစေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်လည်း သက်ရောက်မှုတွေ ရှိနေတာမို့ စိုးရိမ်စိတ်ပူကြောင်း၊ဒီအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး သူတို့ရဲ့ အမြင်ကွဲပြားမှုတွေကို စားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေး ကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က တိုက်တွန်းလိုက်ပါတယ်။"

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ် မိုးညှင်းအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်ဖက်မှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်က တစ်သောင်းလောက် ရှိနေတာပါ။

XS
SM
MD
LG