ကမ္ဘာ့အကြီးဆုံး ဘဏ်ကြီး ၅ ခုတို့ဟာ ငွေတန်ဘိုး လဲလှယ်ရေးမှာ တရားမဝင် ပူးပေါင်းကြံစည်ပြီး ဈေးကစားခဲ့ကြတဲ့အတွက် အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံ ဒဏ်ရိုက်ခံရမယ့် အခြေအနေ ရှိနေပါတယ်။
ဒီဘဏ်တိုက်ကြီးတွေက ငွေကုန်သည်တွေဟာ ပြိုင်ဘက်အနေနဲ့ မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်သူတွေအဖြစ် ဒေါ်လာနဲ့ ယူရိုငွေကြေးကို အရောင်းအဝယ် ပြုလုပ်ခဲ့ကြတယ်လို့ အမေရိကန် တရားရေးအရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
သူတို့ကိုသူတို့ ဈေးနှုန်းထိန်းချုပ်သူများအဖွဲ့လို့ခေါ်တဲ့ ငွေကုန်သည်အဖွဲ့ဟာ အင်တာနက်ပေါ်ကနေ အပြန်အလှန် ဆက်သွယ်ပြီး စကားဝှက်နဲ့ ငွေတန်ဖိုးဈေးနှုန်း ကစားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီငွေကြေးတွေအတွက် သပ်မှတ်ခဲ့တဲ့ ဈေးနှုန်းတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းပေါင်းစုံအပေါ်မှာ အများကြီး သက်ရောက်မှုတွေ ရှိခဲ့တဲ့အတွက် ကြီးလေးတဲ့ အခုလို ဒဏ်ငွေချမှတ်တာဟာ တရားမျှတမှုရှိတယ်လို့ အမေရိကန် ရှေ့နေချုပ် Loretta Lynch ကဆိုပါတယ်။