သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဘဏ်လုပ်ငန်းမှာ မတည်ငွေတွေ တိုးမြှင့်သွားမည်


ကမ္ဘာမှာ နောက်ထပ် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေ ထပ်မဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့ ဘဏ်တွေက အရံဘဏ္ဍာအဖြစ် ထားတဲ့ မတည်ငွေတွေကို သိသိသာသာ တိုးမြှင့်ဖို့အတွက် ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်နေတဲ့ အစည်းအဝေးမှာ ကမ္ဘာတဝန်းက ဗဟိုဘဏ် အကြီးအကဲတွေ၊ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေပြုသူတွေက သဘောတူလိုက်ကြပါတယ်။

ဒီသဘောတူမှုဟာ ဘဏ္ဍာရေးဆိုင်ရာ ရေရှည် တည်ငြိမ် တိုးတက်မှုကို ဖြစ်စေလိမ့်မယ်လို့ ဥရောပ ဗဟိုဘဏ်ဥက္ကဋ္ဌ ရွန်း ကလော့ ထရီရှေး (Jean Claude Trichet) က ပြောပါတယ်။

တနင်္ဂနွေနေ့က သဘောတူညီမှုအရ အရံဘဏ္ဍာကို လက်ရှိထက် ၃ ဆ ကျော်တိုးပြီး ထားရှိမှာ ဖြစ်ပါတယ်။ ဒါမှသာ အရှုံးအမြတ်များတဲ့ ရင်နှီးမြှုပ်နှံမှုတွေ ခြေချော်လက်ချော် ဖြစ်ခဲ့ရင် ဘဏ်တွေအနေနဲ့ ခုသာခံသာ ရှိမှာဖြစ်သလို ဘဏ္ဍာရေးဆိုင်ရာ စိုးရိမ်စရာတွေ ရှိလာတဲ့အခါ ပြည်သူ့အခွန်ငွေတွေနဲ့ အစိုးရက ဝင်ကယ်တင်ရတဲ့ အဖြစ်မျိုး မရောက်အောင် လုံလောက်တဲ့ အရံငွေကြေး ရှိနေမှာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ ဥပဒေပြုသူတွေ တွေ့ဆုံခဲ့ကြတဲ့ ဆွစ်ဇာလန်နိုင်ငံကမြို့ကို အစွဲပြုပြီး ဒီသဘောတူညီချက်ကို Basel Three လို့ နာမည်ပေးထားပါတယ်။

ဒီစည်းကမ်းချက်သစ်ဟာ ၂၀၁၃ ခုနှစ်မှာ စတင် အကြုံးဝင်မှာဖြစ်ပြီး ဘဏ်တွေဘက်က အပြည့်အဝ အကောင်အထည် ဖော်နိုင်ဖို့ ၆ နှစ်လောက် အချိန်ယူရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလကျရင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ကျင်းပမဲ့ G-20 ထိပ်သီး စည်းဝေးပွဲကနေ ဒီအစီအစဉ်ကို နောက်ဆုံး အတည်ပြုချက်ရဖို့ လိုပါသေးတယ်။

XS
SM
MD
LG