သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ စစ်အစိုးရ အဆက်ဆက် ဆင်ဆာ ပိတ်ပင်ခံခဲ့ရလို့ ခင်းကျင်း ပြသခွင့် မရခဲ့တဲ့ ပန်းချီကားတချို့ကို ပထမဆုံးအကြိမ် အဖြစ် ပြည်ပမှာ ပြသဖို့ စီစဉ်နေပါပြီ။ "Banned in Burma" လို့ အမည်ပေးထားတဲ့ ဒီပန်းချီပြပွဲကို ဟောင်ကောင်မှာ ဒီနှစ် အောက်တိုဘာလ ကုန်ပိုင်းကနေ ဒီဇင်ဘာလဆန်းအထိ ၂ ကြိမ်ခွဲပြသ မှာဖြစ်ပါတယ်။ ပန်းချီပြပွဲစီစဉ်သူနဲ့ ပန်းချီဆရာတွေကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မသိင်္ဂီလင်းက တွေ့ဆုံ မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

စစ်အစိုးရလက်ထက်မှာ ပြသခွင့်ပိတ်ပင်ခံရတဲ့ ပန်းချီကား။
စစ်အစိုးရလက်ထက်မှာ ပြသခွင့်ပိတ်ပင်ခံရတဲ့ ပန်းချီကား။

စစ်အစိုးရ လက်ထက်မှာ ပြသခွင့် ပိတ်ပင်ခံရတဲ့ ပန်းချီကားတွေ၊ ပန်းချီဆရာတွေကို စာတမ်းပြုစုရာမှ တဆင့် သိခဲ့ရပြီး မြန်မာပြည်ရဲ့ ဆင်ဆာစနစ်ကို စိတ်ဝင်စား လို့ လေ့လာရာကနေ ပိတ်ပင်ခံခဲ့ရတဲ့ ပန်းချီကားတွေကို စုစည်းပြီး ခင်းကျင်းပြသဖို့ ကြိုးစားခဲ့တာလို့ ပြပွဲစီစဉ်သူ Melissa Carlson ကပြောပါတယ်။

"သူ ဘွဲ့လွန် စာတမ်းပြုစုနေတုန်း ပန်းချီဆရာတွေနဲ့ ဆင်ဆာစနစ် အကြောင်းဆွေးနွေး တဲ့အခါ ပိတ်သိမ်းခံရတဲ့ ပန်းချီကားတွေအကြောင်း ရှင်းပြပါတယ်တဲ့။ အဲ့ဒီကတည်းက သူ့မှာ ဆင်ဆာ ထိထားတဲ့ ပန်းချီကားတွေ၊ ပန်းချီဆရာတွေ စာရင်းရှိခဲ့တာလို့ ဆိုပါတယ်။ အခုပြပွဲလုပ်ဖို့ စိတ်ကူးရတဲ့ အခါမှာလည်း ပြသခွင့်ပိတ်ခံရတဲ့ အခြား ပန်းချီဆရာတွေနဲ့ ပန်းချီကားတွေကို ပါ တစုတစည်းတည်းတွေ့ခွင့်ရခဲ့ပါတယ်တဲ့။ ဒီပန်းချီပြပွဲဖြစ်မြောက်ဖို့ ၂ နှစ်လောက် အချိန်ယူခဲ့ရပြီး ကားပေါင်း ၅၀ လောက်ပြမှာပါ။ သေချာတာ တစ်ခုက ဒီပြပွဲမှာ မပြဖြစ်ပေမယ့်လည်း အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ ဆင်ဆာထိခဲ့ တဲ့ ပန်းချီကားတွေ၊ ပန်းချီဆရာတွေ အများကြီး ရှိနေသေးတယ် လို့ ယုံကြည်တဲ့ အကြောင်း ပြောပြသွားတာပါ။"

စစ်အစိုးရ လက်ထက်မှာ ပြသခွင့် ပိတ်ပင်ခံရတဲ့ ပန်းချီကား။
စစ်အစိုးရ လက်ထက်မှာ ပြသခွင့် ပိတ်ပင်ခံရတဲ့ ပန်းချီကား။

စစ်အစိုးရ အဆက်ဆက် ဖိနှိပ်မှုတွေကြောင့် အရေးအခင်းတွေဖြစ်တဲ့အခါတိုင်း ခံစားချက် စိတ်ကူးတွေကို သရုပ်ဖေါ်နိုင်ခဲ့ပေမဲ့ ပန်းချီလောက ဆင်ဆာ တင်းကြပ်ခဲ့ တာကြောင့် ခင်းကျင်းပြခွင့် မရခဲ့ကြပါဘူး။ ကိုယ်တိုင်ရေး ပုံတူကြောင့် ဆင်ဆာထိပြီး ပိတ်သိမ်းခံရတဲ့ အကြောင်း အခုလာမယ့် ဟောင်ကောင်ပြပွဲမှာ ပန်းချီကား ၂ ကားပြသမယ့် ဆရာသိဒ္ဓိ က သူ့အတွေ့အကြုံကို ပြောပြပါတယ်။

"အဲ့ဒီ့ ၁၉၇၆ မှာ ကတော့ ကားလည်း အပိတ်ခံရတယ်။ လူ လည်း ပါသွားတယ်။ အဲ့ဒီ့ကားကို သူတို့ သိမ်းထားတယ်။ လူလည်း တစ်ပတ်လောက် ကြာသွားတယ်။ ဗဟန်း ဘောင်ဒရီမှာ ကျနော်တို့ကိုခေါ်ထားတယ်။ ခေါ်ပြီးတော့ အဲ့ဒီ့ကားမှာ ပါတဲ့ "Installation" တွေက အကုန် ဖျက်ဆီးခံရတယ်။ တခုမှ မရတော့ဘူး။ ကျနော့်ရဲ့ မူရင်း ကျန်ခဲ့တဲ့ ပန်းချီကားကြီးတစ်ကား "Self Portrait" တခုပဲ ကျန်ခဲ့တယ်။ အဲ့တာတောင် သူတို့က ဖျက်မယ် လုပ်တာ ကျနော် မနည်းတောင်းပန်ထားရတယ်။ အဲ့ဒီ့အတိုင်းကျန်ခဲ့တယ်။"

ပန်းချီဆရာတွေဟာ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထင်ဟပ်ပြီး အနုပညာကနေ တဆင့် ပြည်သူတွေကို ချပြလေ့ရှိပါတယ်။

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စစ်တပ်ပိုင် ဦးပိုင်လီမီတက်နဲ့ တရုတ် ၀မ်ပေါင် ကုမ္မဏီတို့ကို ကန့်ကွက်တဲ့ ဒေသခံလူထု လှုပ်ရှားမှု နဲ့ ပြည်ဘုန်းကြီး အရေးဖြစ်နေချိန်မှာ ကိုယ်တိုင် သွားရောက်ပြီး Performance သရုပ်ဖေါ် ပြသခဲ့တဲ့ ဆရာ မြင့်စိုးက အရင်က ဆင်ဆာ မလွတ်ခဲ့တဲ့ အနုပညာတွေကို ပြသဖြစ်ခဲ့ တဲ့အကြောင်း အခုလိုပြောပြပါတယ်။

" အမှန်မှန်ကတော့ လက်ပန်းတောင်းဆိုတာ ကိုယ်တွေက သိပ်ပြီးတော့ နားမလည်ခဲ့ ဘူးလေ။ သွားကြမယ် ဆိုတဲ့ အဓိပါယ်ပဲ သိတယ်။ ဒါပေမဲ့ တကယ့်တကယ် သွားတဲ့ အခါကျတော့ အဲ့ဒီ့မှာ ကိုယ်က တကယ် ရင်ထဲ လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ သူတို့ရဲ့ မြေတွေကို သိမ်းထားတာ၊ သူတို့ရဲ့ အိမ်တွေကို သိမ်းထားတာ။ သူတို့ရဲ့ ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးထားတာ၊ အဲ့တာမျိုးတွေကို တွေ့ရ တယ်။ နောက် တခါကျတော့ အဲ့ဒီ့ သူတို့က အဲ့ဒီ့ရွာမှာ အဲ့ဒီ့မှာ နေရင်းကနေ ညဆိုရင်လေ အဲ့ဒီ့စက်သံကြီးတွေ ကြားနေလို့ရှိရင် သူတို့ ရင်တွေမှာ ဘယ်လောက်အထိ လှိုက်ခတ်တယ် ဆိုတဲ့ဟာကို ဒဏ် ဘယ်လိုခံရတယ်ဆိုတာကို ကျနော် သူတို့နဲ့ အတွင်းကျ သိခဲ့ရတယ်။ အဲ့ဒီ့အခါ ကျနော်တို့က ပိုပြီးတော့ Created လုပ်တဲ့အခါမှာ ပိုပြီးတော့ အောင်အောင်မြင်မြင် ပိုဖြစ်တာပေါ့နော်။ သူတို့ရဲ့ ရင်ထဲက ဥစ္စာကို ပိုပြီးတော့ သိရတဲ့အတွက်။"

စစ်အစိုးရလက်ထက်မှာ ပြသခွင့်ပိတ်ပင်ခံရတဲ့ ပန်းချီကားတွေ၊
စစ်အစိုးရလက်ထက်မှာ ပြသခွင့်ပိတ်ပင်ခံရတဲ့ ပန်းချီကားတွေ၊

ပိတ်သိမ်းခံရတဲ့ ပန်းချီကားတွေဟာ များသောအားဖြင့် နိုင်ငံရေးသရုပ်ဖော်ပုံ၊ ဘာသာရေး သရုပ်ဖော်ပုံနဲ့ ဝတ်လစ်စလစ်ပုံတွေဖြစ်ပြီး အရောင်တွေကို အခြေခံပြီးတော့လည်း ပြသ ခွင့် ပိတ် ခံရတဲ့ ပန်းချီကားတွေရှိပါတယ်။

၁၉၆၂ အခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ ပိတ်သိမ်းခံရတဲ့ ပန်းချီကား ၅၀ခန့် ပြသမယ့် “Banned in Burma” ပန်းချီပြပွဲကို အောက်တိုဘာက ၂၀ ကနေ နိုဝင်ဘာလ ၉ ရက်နေ့ အထိ တကြိမ်၊ နိုဝင်ဘာလ ၂၉ ရက်ကနေ ဒီဇင်ဘာလ ၁ ရက်နေ့ထိ တကြိမ် ပန်းချီဆရာတွေ ကိုယ်တိုင် ပါဝင်ပြီး ဟောင်ကောင်မှာ သွားရောက်ပြသမှာဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG