အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား တာဝန်ကနေ အနားယူဖို့ နီးကပ်လာချိန်မှာပဲ နောက်ထပ် ထူးထူးခြားခြား ဂုဏ်ပြုခံခဲ့ရပါတယ်။
ကပ်ပါးကောင်တမျိုးကို သမ္မတ ဘရက်ခ် အိုဘားမား နာမည် အစွဲပြုပြီး သိပ္ပံပညာရှင်တွေက အမည်သစ်ပေးခဲ့တဲ့အကြောင်း ကပ်ပါးဗေဒဂျာနယ် တစောင်မှာ ဖော်ပြထားပါတယ်။
လိပ်တွေရဲ့ သွေးထဲမှာ ရှင်သန်နေထိုင်လေ့ရှိပြီး - အရှည် ၂ လက်မနဲ့ ဆံချည်မျှင်လောက်သာ အရွယ်ရှိတဲ့ တုတ်ပြားကောင်တမျိုးကို Barack Trema Obamai လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီအမည်ကို ရွေးချယ်ခဲ့သူ အင်ဒီးယားနားပြည်နယ် စိန့် မယ်ရီ ကောလိပ်က မကြာခင်ကမှ အငြိမ်းစားယူသွားတဲ့ ဇီဝဗေဒပါမောက္ခ Thomas Platt က - ဒီလို အမည်ပေးတာဟာ စော်ကားဖို့မဟုတ်ဘဲ - ဂုဏ်ပြုတာသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အငြိမ်းစားမယူခင် ထူးခြားတဲ့လုပ်ရပ်တခုအဖြစ် တုတ်ပြားမျိုးစိတ်သစ်တမျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး - အမည်ပေးခဲ့တဲ့ ပါမောက္ခ Platt ဟာ မျိုးစိတ်သစ် ပေါင်း ၃၂ မျိုးကို ရှာဖွေတွေ့ရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ အရင်ကတော့ - မစ္စတာ Platt ဟာ သူ့ယောက္ခမ - ပြီးတော့ သူ့ရဲ့ ပါရဂူဘွဲ့အတွက် အကြံပေးနဲ့ တခြားလူတွေ လေးစားရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမည်တွေကို အစွဲပြုပြီး ပေးအပ်ခဲ့တာပါ။ အခု ဒီလုပ်ဆောင်ချက်ဟာလည်း သူတတ်နိုင်တဲ့နည်းနဲ့ သမ္မတ အိုဘားမားကို ဂုဏ်ပြုခဲ့တာဖြစ်တယ်လို့လည်း မစ္စတာ Platt က အေပီသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
ကပ်ပါးကောင်တွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားလေ့ရှိပေမဲ့ အခုနောက်ဆုံး တွေ့ရှိခဲ့တဲ့ သံကောင်ကတော့ သေးသေးရှည်ရှည်နဲ့ တကယ့်ကို အေးချမ်းလှပြီး၊ သမ္မတအိုဘားမားကို အမှတ်ရစေတယ်လို့လည်း ပါမောက္ခ Platt ကပြောပါတယ်။
အခုတွေ့ရှိခဲ့တဲ့ သံကောင်မျိုးစိတ်သစ်ဟာ လူတွေမှာ ရောဂါအကြီးအကျယ် ဖြစ်စေတတ်တဲ့ သံကောင်မျိုးစိတ်နဲ့ ဆက်နွယ်မှု ရှိပေမဲ့လည်း၊ သူတို့မှီတွယ် နေထိုင်တဲ့ လိပ်တွေကိုတော့ ဒုက္ခမပေးဘူးလို့လည်း ဆိုပါတယ်။