မြန်မာစစ်အစိုးရအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ရှိပေမဲ့ ဒါတွေကို မသိကျိုးကျွံလုပ်ခဲ့တယ်ဆိုပြီး တရားစွဲဆို ခံထားရတဲ့ ဗြိတိန်နိုင်ငံက ဘာကလေ (Barclays) ဘဏ်ဟာ သြဂုတ်လထဲမှာပဲ အမေရိကန် ပြည်ထောင်စုကို ဒေါ်လာငွေ သန်း ၃၀၀ နီးပါး ဒဏ်ငွေပေးပြီး ကျေအေးလိုက်ပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခြေအနေတွေ တိုးတက်မှု မရှိတာမို့ ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက ဥပဒေတွေကို ရှောင်ရှားပြီး ငွေကြေး လွှဲပြောင်းမှုတွေမှာ ပါဝင်ပတ်သက်ရာက အခုလို တရားစွဲဆိုမှုတွေနဲ့ ကြုံခဲ့ရတဲ့ အခြေအနေတွေ ကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
မြန်မာနိုင်ငံ အပါအ၀င် အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေချမှတ်ထားတဲ့ နိုင်ငံတွေအတွက် ဘဏ္ဍာရေး ၀န်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တဲ့ ဗြိတိန်နိုင်ငံက ဧရာမဘဏ်ကြီး တခုဖြစ်တဲ့ ဘာကလေဘဏ်က လျော်ကြေးပေး ကျေအေးလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု တရားရေးဌာနနဲ့ နယူးယောက်ခ် မက်ဟန်တန် ခရိုင်ရှေ့နေချုပ်ရုံးတို့က တရားလိုအဖြစ် စွဲဆိုခဲ့တဲ့ အမှုအတွက် ဘာကလေဘဏ်က ဒေါ်လာ ၂၉၈ သန်းပေးပြီး ကမ်းလှမ်းခဲ့တာကို သြဂုတ်လ ၁၈ ရက်နေ့ကပဲ အမေရိကန် ဗဟိုအစိုးရ တရားရုံးက လက်ခံလိုက်တာပါ။
နိုင်ငံတကာမှာ ဘဏ်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နာမည်ကျော် ဘဏ်တခုအနေနဲ့ စီးပွားရေးကျင့်ဝတ်တွေကို ချိုးဖောက်မှုတွေနဲ့ တရားတဘောင် ရင်ဆိုင်ရတဲ့အထိ ကြုံတွေ့ခဲ့ရတာလို့ အမေရိကန် ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ် ဥပဒေရေးရာဌာနက ဒုတိယညွှန်ကြားရေးမှူး ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန် က ဆိုပါတယ်။
“ဒီအမှုမှာ တရားခံဖြစ်တဲ့ Barclays Bank PLC က အင်္ဂလန်နဲ့ ဝေလနယ်မှာ သူတို့ မှတ်ပုံတင်ထားတာ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ ရုံးခွဲတွေက နယူးယောက်ခ်နဲ့ အမေရိကန် ပြည်ထောင်စု တချို့နေရာတွေမှာ သူတို့ရဲ့ ဘဏ်ခွဲတွေရှိတယ်။ ဒီလို အင်္ဂလန်မှာ မှတ်ပုံတင်ထားတဲ့ ဘဏ်ဖြစ်ပေမဲ့၊ အမေရိကန်မှာ သူတို့ဘဏ်ခွဲဖွင့်လို့ရှိရင် အမေရိကန် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေကို လိုက်နာပါ့မယ် ဆိုတာကို သူတို့ သဘောတူပြီးမှ ဘဏ်ခွဲဖွင့်လို့ရတာဖြစ်တယ်။ အဲဒီလို ဖွင့်ထားတဲ့ သဘောတူထားတဲ့ ဥပဒေထဲက အရေးကြီးတဲ့ ဥပဒေ ၂ ခု၊ နိုင်ငံတကာ အရေးပေါ် စီးပွားရေးအာဏာဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်နဲ့ ရန်သူတွေနဲ့ ကူးလူးဆက်ဆံတဲ့ ဥပဒေပြဋ္ဌာန်းချက် ၂ ခုကို ချိုးဖောက်တဲ့အတွက် အမေရိကန် ပြည်ထောင်စုက တရားစွဲပြီး အခုလို ဒဏ်ရိုက်နိုင်တာ ဖြစ်ပါတယ်။”
၁၉၉၅ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း အမေရိကန်က ဘဏ္ဍာရေး လုပ်ငန်းတွေကနေတဆင့် ၀န်ဆောင်မှုလုပ်ငန်းတွေ မလုပ်ရလို့ တားမြစ်မှုတွေ ပါဝင်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ မြန်မာ၊ ကျုးဗား၊ အီရန်၊ လစ်ဗျား နဲ့ ဆူဒန်နိုင်ငံတွေအတွက် အကျိုးဆောင်ပေးတယ်ဆိုပြီး အမေရိကန်အစိုးရ ရှေ့နေတွေက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး မှတ်တမ်းတွေ၊ နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် မလုပ်နိုင်ဘူးဆိုပြီး အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်မှုတွေကို သမ္မတဟောင်း ဘေလ် ကလင်တန် လက်ထက်က စတင်ချမှတ်ခဲ့တာ ဖြစ်ပေမဲ့ ဘဏ္ဍာရေးဆိုင်ရာ တင်းကျပ်မှုတွေကိုတော့ သမ္မတဟောင်း ဂျော့ဂ်ျဒဗလျူဘုရှ် လက်ထက် ၂၀၀၃ က မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ တရပ်ကို စတင်ပြဋ္ဌာန်းစဉ်ကစလို့ ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဥပဒေတွေ ရှိနေတာကို သိလျက်နဲ့ အမေရိကန် ပြည်ထောင်စု နယူးယောက်ခ်မြို့က ဘာကလေရဲ့ ဘဏ်ခွဲတွေဟာ မြန်မာနိုင်ငံအတွက် ငွေကြေးလွှဲပြောင်းတာတွေ အပါအ၀င် ၀န်ဆောင်မှု လုပ်ငန်းတွေကို လုပ်ပေးတာဟာ အမေရိကန်က ပြဋ္ဌာန်းထားတဲ့ ရန်သူနဲ့ ကုန်သွယ်မှု အက်ဥပဒေနဲ့ နိုင်ငံတကာ အရေးပေါ် စီးပွားရေးအာဏာ အက်ဥပဒေတွေကို ချိုးဖောက်တယ် ဆိုပြီး တရားစွဲ ခံခဲ့ရတာပါ။
“ဘာလို့ မြန်မာပြည်ပါလာသလဲလို့ မေးစရာရှိလိမ့်မယ်။ Burmese Freedom and Democracy Act နောက်ပိုင်းမှာ ပြဋ္ဌာန်းထားတဲ့ Executive orders (အစိုးရအမိန့်) တွေထဲမှာ ပါလာတာက တဆင့်ခံ လွှဲပြောင်းမှု မြန်မာပြည်ကို မလုပ်ရဘူးဆိုတဲ့ တားမြစ်ချက် ပါလာတယ်။ အဲဒါကြောင့် မြန်မာပြည် ပါလာတာဖြစ်တယ်။ ကျူးဗားတို့ လစ်ဗျားတို့ တခြားတိုင်းပြည်တွေက အမေရိကန် ဘာကလေကနေ တိုက်ရိုက် ငွေလွှဲလို့ရတယ်။ အဲဒီလို လွှဲလို့မရပေမဲ့ တဆင့်ခံ လွှဲပြောင်းမှု၊ အမေရိကန် ဒေါ်လာ လွှဲပြောင်းမှု မလုပ်ရဘူး ဆိုတဲ့ဟာ ပြဋ္ဌာန်းထားတဲ့အတွက် မြန်မာပြည်ပါလာတာဖြစ်တယ်။”
ဒီလို တရားတဘောင် ရင်ဆိုင်ရပြီးတဲ့နောက် ဘာကလေဘဏ်က ဒဏ်ကြေး ဒေါ်လာ ၂၉၈ သန်း ပေးမယ်၊ ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ပြင်ဆင်မှုတွေ လုပ်ပါမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ နာမည်ကျော် ဘဏ်ကြီး တခုအဖြစ် ဂုဏ်သိက္ခာထိန်းနိုင်ဖို့ ရည်ရွယ်ပြီး ရာဇ၀တ်ပြစ်မှုတွေနဲ့ အရေးယူခံရမယ့် အရေးက ရှောင်ရှားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ကျေအေးဖို့ လျှောက်လဲခဲ့တာလို့ အမေရိကန် ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်က ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန် က ပြောပါတယ်။
“နံပတ်တစ်အချက်က ဘာကလေဘဏ် ဘက်ကနေ၊ တရားခံဘက်ကပေါ့၊ လိုချင်တဲ့ဟာက ဒီကျုးလွန်မှုတွေဟာ ရာဇ၀တ်မှု မမြောက်ပါဘူး ဆိုတဲ့ဟာကို သူတို့လိုချင်တယ်။ အဓိက အကြောင်းကတော့ သူတို့ နာမည်ကောင်းနဲ့ ဆက်လက်နေချင်တယ်။ ဒီဟာကို ရာဇ၀တ်မှု အနေနဲ့ မြင်သွားလို့ရှိရင် သူတို့ဘဏ်က နာမည်ပျက်ပြီးတော့ နောက်တခါ ဆက်လက်ရပ်တည်နိုင်ဖို့ အခက်အခဲ ဖြစ်နိုင်တယ်။ ဒီလို နာမည်ကောင်းရဖို့အတွက် သူတို့က ပိုက်ဆံအများကြီးပေးပြီး တရားလိုဘက်ကို ကမ်းလှမ်းတာ ဖြစ်တယ်။ ဒုတိယတချက်က ၂ နှစ်အတွင်းမှာ သူတို့ပြင်ဆင်မှုတွေ လုပ်ပါမယ်ဆိုတာ စွဲချက်ထဲမှာ Sanctions (အရေးယူမှု) လုပ်ထားတဲ့ တိုင်းပြည်တွေနဲ့ ငွေလဲလှယ်မှု အဲဒါမျိုးတွေ မလုပ်ဖို့၊ နောက်ပြီးတော့ သူတို့ရဲ့ အတွင်းဘက်က ငွေလဲလှယ်မှု လုပ်ငန်းတွေ အားလုံးကို လုံးဝမလုပ်ဖို့၊ နောက်ပြီးတော့ ငွေလဲလှယ်တဲ့ အချိန်မှာ အလွှဲအပြောင်းလုပ်တဲ့အချိန်မှာ၊ ငွေဆိုတာက အမေရိကန် ဒေါ်လာ အလွှဲအပြောင်း လုပ်တဲ့အချိန်မှာ ဖြတ်ဖြတ်သွားတဲ့ စာရွက်စာတမ်း အထောက်အထားတွေကို လုံးဝ မဖျက်ဖို့၊ နောက်ပြီးတော့ တမင်သက်သက် အပြင်ကို ပေးမသိပဲ၊ သူတို့ဘဏ်နဲ့ ငွေလွှဲတဲ့လူပဲ သိခွင့်ရှိတဲ့ဟာတွေ အားလုံးကို ပြင်ဆင်ဖို့ သူတို့ဘက်က သဘောတူထားတာ ဖြစ်ပါတယ်။”
စုစုပေါင်း ပမာဏအနေနဲ့ ဒေါ်လာသန်း ၅၀၀ လွှဲပြောင်းမှုတွေကို မြန်မာ၊ ကျုးဗား၊ အီရန်၊ လစ်ဗျား နဲ့ ဆူဒန်နိုင်ငံတွေအတွက် အကျိုးဆောင် ဆောင်ရွက်ပေးခဲ့တယ်လို့ တရားရုံးရဲ့ မှတ်တမ်းတွေမှာ ဖော်ပြပေမဲ့ တနိုင်ငံချင်းအနေနဲ့ ဘယ်ရွေ့ဘယ်မျှ ပမာဏအထိ ဆောင်ရွက် ပေးခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်တာမျိုးမရှိပါဘူး။ တရားရုံးက လက်ခံလိုက်တဲ့ ကျေအေးမှု သဘောတူညီချက်အရ ပြစ်ဒဏ်ကို ၂ နှစ် ဆိုင်းငံ့ထားမှာဖြစ်ပြီး ဒီအတောအတွင်း ဘာကလေဘဏ် က လိုက်နာရမယ့် စည်းမျဉ်းတွေအတိုင်း ကျင့်သုံးတာ၊ ၀န်ထမ်းတွေကို သိသင့်သိထိုက်တဲ့ စည်းကမ်းတွေကို လေ့ကျင့်သင်ကြား ပေးတာတွေ ရှိမရှိ စောင့်ကြည့်သွားမှာပါ။
ဒါပေမဲ့လည်း ဒီလို ဘဏ်လုပ်ငန်းမှာ မှန်မှန်ကန်ကန် မဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဘာကလေ ဘဏ်က လူသိရှင်ကြား ထုတ်ပြန်တာမျိုး မရှိတာ၊ ကျေအေးဖို့ကို တရားရုံးက လက်ခံလိုက်တာဟာ သက်ညှာလွန်းရာ ရောက်တယ်ဆိုပြီး မြန်မာ့အရေး လှုပ်ရှားသူတွေ သာမက အမေရိကန် ဗဟိုအစိုးရ တရားသူကြီးတဦးကပါ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေထွက်ပေါ်ခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။