Burundi နိုင်ငံမှာ သမ္မတပြည်ပခရီးသွားနေတုန်း မနေ့က စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးက အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ နောက်ပိုင်း စစ်တပ် တွင်း ကွဲပြားနေတဲ့ အဖွဲ့တွေဟာ မြို့တော် Bujumbura ကို သိမ်းယူနိုင်ဖို့ ဒီကနေ့ တိုက်ခိုက်နေကြပါတယ်။ အာဏာသိမ်းအဖွဲ့ကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက သမ္မတ Pierre Nkurunziza ကို သစ္စာစောင့်သိတဲ့ တပ်သားတွေ လက်က Burundi အသံလွှင့်ဌာနကို ရယူထိန်းချုပ်နိုင်ဖို့ ကြိုးစားရင်း အဲဒီဌာန ဝင်းတဝိုက်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွါးနေတာပါ။
အဲဒီဝင်းနားမှာ သေဆုံးနေတဲ့ စစ်သားတွေကို တွေ့ရတယ်လို့ Bujumbura ကိုရောက်နေတဲ့ VOA သတင်းထောက်က ပြောပါတယ်။ ဒီအသံလွှင့်ဌာန ကို သမ္မတကို သစ္စာစောင့်သိတဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်ပြီး သူတို့တပ်ဖွဲ့တွေ အဲဒီနေရာ ကနေ ဆုတ်ခွါပေးခဲ့တယ်လို့ အာဏာသိမ်းမှုကို လိုလားတဲ့ တပ်ဖွဲတွေရဲ့ ပြောခွင့်ရက VOA ဗဟိုအာဖရိကဌာနကို ပြောပါတယ်။
အစိုးရအသံလွှင့်ဌာနက အသံလွှင့်မှုတွေဟာ ရပ်ဆိုင်းသွားခဲ့ပေ မယ့် နောက် တနာရီခွဲလောက် အကြာမှာတော့ ညီညွတ်ဖို့နဲ့ ပြန်လည် စည်းလုံးမှုတွေ ကို ဖေါ်ပြတဲ့ သီချင်းတွေ ပြန်ပြီးထုတ်လွှင့်နေပါတယ်။ အသံလွှင့်မှုတွေ မရပ်ဆိုင်းခင် ကလေးမှာပဲအဲဒီ့ အသံလွှင့်ဌာနကနေ သမ္မတက နိုင်ငံကို သူအုပ်ချုပ်နေ ဆဲ ဖြစ်ကြောင်း နဲ့ စစ်တပ်က သူ့ကို ထောက်ခံမှု ရှိကြောင်း ပြောကြားခဲ့တာပါ။
သမ္မတဟာ ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို သေချာမသိရပေမယ့် သူဟာ မနေ့ကBurundi ရဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းဖို့ အစည်းအဝေးကျင်းပခဲ့တဲ့ တန်ဇန်းနီးယားနိုင်ငံ Dar es Salaam က တနေရာမှာ ရှိနေတယ်လို့ သိရပါတယ်။