သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ကြေညာထားတဲ့ ကိုးကန့်ဒေသ တိုက်ပွဲဆက်ဖြစ်


မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲမယ့်အကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့က မကြာသေးခင်က ကြေညာခဲ့ပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်မယ့် အလားအလာတွေတော့ မတွေ့ရပါဘူး။ ကိုးကန့်အဖွဲ့ရဲ့ ကြေညာချက်အပေါ် အယုံအကြည်မရှိကြောင်း မြန်မာအစိုးရက ပြောဆိုခဲ့သလို မြန်မာစစ်တပ်က တိုက်ခိုက်မှုတွေ မရပ်သေးဘူးလို့လည်း ကိုးကန့်အဖွဲ့က ပြောဆိုနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA အနေနဲ့ စစ်ရပ်စဲကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တဖက်သတ် ကြေညာခဲ့ပေမယ့် ယုံကြည်လက်ခံဖို့ ခက်ခဲနေဆဲဖြစ်တဲ့အကြောင်း မြန်မာအစိုးရပြောခွင့်ရသူ ဦးရဲထွဋ်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အခြေအနေကို စောင့်ကြည့်နေတုန်းပဲလို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“သူထုတ်တဲ့စာမှာကိုက နောက်ဆုံးစာကြောင်းက အဓိပ္ပာယ်အမျိုးမျိုး တွဲလို့ရအောင်လို့ ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က စောင့်ကြည့်အုံးမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ တကယ်လို့ တိုက်ပွဲတွေ ပြန်ဖြစ်တယ်ဆိုလို့ရှိရင်လည်း အဲဒါဟာ ဦးဖုန်ကြားရှင်အဖွဲ့အနေနဲ့ သူတို့ပြောတဲ့ ထုတ်ပြန်ကြေညာချက်အတိုင်း မလိုက်နာလို့ပဲဖြစ်တယ်လို့ ပြောရမှာပဲ။ ဖေဖော်ဝါရီလကစပြီး တိုက်ပွဲဖြစ်အောင်လုပ်ခဲ့တာက ဖုန်ကြားရှင်အဖွဲ့ကပဲ။ ဒါကြောင့်မို့လို့ အဲဒီတိုက်ပွဲတွေ ရပ်သွားအောင်ဆိုရင်လည်း သူတို့ရဲ့မှားယွင်းနေတဲ့လုပ်ရပ်တွကို ရပ်တန့်မှပဲ ဒီတိုက်ပွဲတွေက ရပ်သွားမှာပဲ။ ဒိထက် ပိုပြီးတော့ ရှင်းတဲ့အဖြေတော့ မရှိတော့ပါဘူး။ ကတိကို တကြိမ်ချိုးဖျက်ထားတဲ့လူတယောက်က နောက်တခါထပ်ပြောတဲ့ကတိကို ကျနော်တို့ လွယ်လွယ်နဲ့တော့ ယုံလို့မရဘူးပေါ့။ ၂၀၁၁ ခုနှစ်တုန်းက သူဒီလို လက်နက်ကိုင်ဆန့်ကျင်တာတွေ မလုပ်တော့ပါဘူး၊ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ-ဆိုလို့ သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ ရဲတွေကိုသတ်တဲ့အမှုနဲ့ပတ်သက်လို့ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။ နောက်ကျတော့ ၂၀၁၅ ထဲမှာကျတော့ ခင်ဗျားတို့တွေ့တဲ့အတိုင်းပဲ လက်နက်ကိုင်ပြီးတော့ ကျူးကျော်တယ်။ အဲဒီတော့ ဒီလိုလူတယောက်က ပြောတဲ့ကားကို ကျနော်တို့က လွယ်လွယ်မယုံနိုင်ဘူး၊ စောင့်ကြည့်ရမှာပဲ။”

ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေကြောင့် အိမ်နီးချင်းတရုတ်နိုင်ငံထဲအထိ ဗုံးတွေ၊ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့သလို၊ လူ ၅ ယောက်အထိ သေဆုံးခဲ့ရတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ တရုတ်နိုင်ငံရဲ့ဖိအားတွေနဲ့အတူ MNDAA ကိုးကန့်တပ်ဖွဲ့တွေက တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ ကြေညာချက်ကို ကြိုဆိုခဲ့သလို နယ်စပ်ဒေသ တည်ငြိမ်ရေး အတွက် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့လည်း တိုက်ပွဲတွေ အဆုံးသတ်ဖို့ ကြေညာထားပြီး နောက်မှာပဲ ဒီကနေ့အထိ မြန်မာစစ်တပ်က ဆက်လက် ထိုးစစ်ဆင်နေတုန်းပဲလို့လည်းကိုးကန့်အဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ဒီနေ့ခုနတုန်းက ကျနော်ရသလောက်ကတော့ လက်နက်ကြီးနဲ့လှမ်းပစ်တယ်ပြောတယ်။ ဒီ (၁၁၁) ပတ်ဝန်းကျင်မှာပဲခင်ဗျ။ …သူတို့ပစ်လာဆင်းတာပါ ခင်ဗျ။ ကျနော်တို့ကြေညာချက်မှာရှင်းပါတယ်ခင်ဗျ။ အဓိက-က ကိုယ်တိုင်ထိုးစစ်မဆင်တာကိုပြောတာပါခင်ဗျ။ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ဖို့ အတွက်ကတော့ အဲဒီမူစွဲကိုင်ထားသေးပါတယ်ခင်ဗျ။ ဆိုလိုတာက သူတို့က ထိုးစစ်လာဆင်တယ်၊ သူတို့ကလာတိုက်တယ်ဆိုရင်တော့ ကျနော်တို့က ပြန်ပြီးတော့ ကိုယ့်ကိုကိုယ် ခုခံရမှာပါခင်ဗျ။ ကြေညာပြီးတဲ့နောက် သူတို့တုံ့ပြန်တာက တိုက်ပွဲနဲ့တုံ့ပြန်တယ်ကော။ အဲဒီတော့ သူတို့အနေနဲ့က- ကျနော်တို့ပြန်ပြီးတော့ စဉ်းစားရပါတယ်။ တကယ့်ကို ငြိမ်းချမ်းရေးလိုလားသလားဆိုတာကို။”

မြန်မာအစိုးရကတော့ နယ်စပ်ဒေသ လုံခြုံရေးအတွက် ဆောင်ရွက်ရာမှာ တရုတ်နိုင်ငံနဲ့ ရင်းနှီးမှုတွေကို မထိခိုက်အောင် ဆောင်ရွက်နေတဲ့အကြောင်း ပြောဆိုခဲ့ပေမဲ့ တိုင်းပြည် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကိုလည်း ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“တရုတ်နိုင်ငံဘက်ခြမ်းကိုတော့ ကျနော်တို့ ဘာမှမပြောလိုပါဘူး။ ကျနော်တို့အချုပ်အခြာအာဏာနဲ့ ပိုင်ဆိုင်မှုကိုကျူးကျော်လာလို့ရှိရင် ဘယ်နိုင်ငံကပဲ ထောက်ခံတာတွေ၊ မထောက်ခံတာတွေ၊ ဘယ်နိုင်ငံကပဲ ကူညီတာတွေ၊ မကူညီတာတွေကို ကျနော်တို့က ဘယ်တုန်းကမှ ထည့်သွင်း မစဉ်းစားခဲ့ပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်နယ်မြေကို ကာကွယ်နိုင်ဖို့အတွက် ကျနော်တို့ကတော့ အစွမ်းကုန် ခုခံကာကွယ်မှာပဲ။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်နဲ့အတူ နေထိုင်တယ်။ ဘယ်နိုင်ငံပြည်တွင်းရေးကိုမှ မစွက်ဖက်သလို ဘယ်နိုင်ငံရဲ့နယ်နိမိတ်ကိုမှ ကျနော်တို့ ကျူးကျော်စော်ကားဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါပေမယ့်လည်း နယ်စပ်နဲ့အနီးကပ်နေရာမှာ တိုက်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အကြောင်းကြောင်းကြောင့် တဘက်နိုင်ငံကို ကျသွားမယ်ဆိုရင်လည်း ကျနော်တို့ ပြည်သူချင်းအဆင့်မှာရော ၊ အစိုးရချင်းအဆင့်မှာရော၊ တပ်မတော်ချင်းအဆင့်မှာရော ချစ်ကြည်ရေးကိုအခြေခံပြီး ဖြေရှင်းဖို့အသင့်ရှိတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ လေးလကျော် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ MNDAA နဲ့ မြန်မာအစိုးရတပ်တို့ကြား နှစ်ဘက်ရင်ဆိုင် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်မှာတော့ နှစ်ဘက်အကျဆုံးများပြီး ဒေသခံပြည်သူသောင်းနဲ့ချီ တရုတ်မြန်မာနယ်စပ်ဘက်နဲ့ စစ်ဘေးဒဏ်လွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။

XS
SM
MD
LG