သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော ပြန်လာဖို့ အစိုးရ ဖိတ်ခေါ်


ွGeneral Kyaw Zaw
ွGeneral Kyaw Zaw
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာအစိုးရကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ သူ့ရဲ့ မိသားစုကနေ တဆင့် ဖိတ်ခေါ်ထားပါတယ်။ မြန်မာအစိုးရဘက်က ဒီလိုဖိတ်ခေါ်ချက် အပေါ်မှာ ဗိုလ်မှူးချုပ်ကျော်ဇောဘက်က သဘောထား ဘယ်လိုရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ ကျန်းမာရေးအတွက် အနီးကပ် ပြုစုစောင့်ရှောက်နေတဲ့ သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇောကို ဗွီအိုအေက ကိုရန်နိုင်က ဆက်သွယ် မေးမြန်ထားပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇော ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ မြန်မာပြည်ကို ပြန်လာခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်က တရားဝင် အကြောင်းကြားလာပါပြီလား ခင်ဗျာ။ -
“ဟုတ်ကဲ့ အကြောင်းကြားလာပါတယ်။ သမ္မတရုံးဝန်ကြီး ဖြစ်တဲ့ ဦးအောင်မင်းက ကျမကို တိုက်ရိုက် ဖုန်းဆက်ပြီးတော့ သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ အဘဗိုလ်ကျော်ဇောကို ရဲဘော်သုံးကျိပ်ဝင် တဦး အဖြစ်နဲ့ ပြန်လာခွင့် ပြုပါတယ်လို့ ပြောပါတယ်။ ပြန်လာဖို့ ဖိတ်ပါတယ်လို့ ကျမကို တိုက်ရိုက် ပြောပါတယ်။”

အဲဒီကိစ္စကို ဘယ်လိုများ စီစဉ်ထားလဲ ခင်ဗျ။ -

“သူကပြောတာက ရဲဘော်သုံးကျိပ်အနေနဲ့ ဖိတ်တယ်လို့ ပြောတာပါ။ အဲတော့ ကျမ ပြောတာကတော့ ကျမတို့ ဒီမှာနေနေတဲ့ အဆင့်ဟာဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ နိုင်ငံရေး ခိုလှုံပြီးနေနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို ကျမတို့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ ညှိနှိုင်းဖို့ ဆွေးနွေးဖို့တွေ ရှိပါတယ်။ အဲဒါက တစ်ချက်ပေါ့။ နောက်တစ်ချက် ကတော့ ဖေဖေရဲ့ အခုလောလောဆယ် ကျန်းမာရေး အခြေအနေက ခရီးထွက်လို့လည်း မဖြစ်ပါဘူး။ ဒါကြောင့်မို့လို ကျန်းမာရေး တစုံတရာ တည်ငြိမ်လာတဲ့အထိ ကျမတို့ စောင့်ရပါလိမ့်အုံးမယ်၊ ကျန်းမာရေးကောင်းလာမှ ဆက်ပြီးတော့ ဆွေးနွေးတာပေါ့လို့ ပြောထားပါတယ်။”

အဲဒါဆိုရင် ရဲဘော်သုံးကျိပ်ဝင် တစ်ယောက်အနေနဲ့ ပြန်လာဖို့ သူတို့က ဖိတ်တာပေါ့။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ မဟုတ်ဘူးပေါ့။ -

“ဟုတ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဖိတ်တာမဟုတ်ပါဘူး။ ဒါကို သူတို့က ရှင်းအောင် သေချာပြောတာပါ။ ရဲဘော်သုံးကျိပ်ဝင် အနေနဲ့ ဖိတ်တာပါလို့၊ သေချာအောင် ရှင်းရှင်းလင်းလင်းကို ပြောထားတာပါ။”

အဲဒါဆိုရင် ဒေါ်လှကျော်ဇော တို့က အခုလိုဖိတ်တဲ့အပေါ်မှာ ဘယ်လိုလုပ်သွားဖို့ ရှိပါသလဲ။ တကယ်လို့ သူတို့က ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်အနေနဲ့ မဖိတ်ခဲ့ဘူးဆိုရင်ရော ဘယ်လိုမျိုး ဆုံးဖြတ်ဖို့ရှိပါသလဲ။ -

“ဒီလိုလေ ကျမတို့က မြန်မာပြည်ကို ပြန်ချင်တယ်။ ကျမတို့ ပြန်ချင်တဲ့ ဆန္ဒရှိတယ်ဆိုတာက ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျမတို့ ဒီအတိုင်းရှိတယ်။ ဒါကို ကျမတို့ ပြန်ချင်တဲ့ဆန္ဒကိုလည်း အမြဲဖော်ပြနေတယ်။ သို့သော်လည်း ကျမတို့ ပြန်ချင်တယ်ဆိုတာ ကျမတို့ ယုံကြည်ချက်တွေ၊ ကျမတို့ နိုင်ငံရေးတွေကို ပစ်ခွာခဲ့ပြီး ၊ စွန့်ပစ်ခဲ့ပြီးတော့ ပြန်လာဖို့ မဟုတ်ဘူး။ ကျမတို့က မြန်မာပြည် တပြည်လုံးမှာရှိတဲ့ နိုင်ငံတကာကို ရောက်နေတဲ့ တခြားတနေရာကို ရောက်နေတဲ့ ဘယ်သူမဆို၊ ဘယ်ဝါဒကို ယုံကြည်သူမဆို၊ လွတ်လွတ်လပ်လပ် ယုံကြည်ခွင့်တို့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်တို့၊ လွတ်လွတ်လပ်လပ် စည်းရုံးခွင့်တို့ အဲဒီလိုဟာမျိုးတွေပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဦးသိန်းစိန်ပြောတာက ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတယ် ဆိုရင် အဲဒီလို ဘက်စုံ ဒီမိုကရေစီကျတဲ့ ပတ်ဝန်းကျင် အခြေအနေအောက်မှာသာ ပြန်ချင်တာဖြစ်ပါတယ်။”

ဗိုလ်ချုပ်ကျော်ဇော ကလည်း မြန်မာပြည်ကို ပြန်ချင်တယ်လို့ ပြောထားတာဆိုတော့ တကယ်လို့များ ဗမာပြည်ကွန်မြူနစ်ပါတီ အနေနဲ့ ဖိတ်ကြားတာမဟုတ်ဘဲနဲ့ဆိုရင် ဘယ်လိုလုပ်မလဲခင်ဗျ။ -

“အဲဒါဆိုရင်တော့ မပြန်ရုံပဲရှိတာပေါ့။”

ဗိုလ်ချုပ်ကျော်ဇော ရဲ့ သဘောထားကရော အဲဒီလိုပါပဲလား ခင်ဗျ။ -

“ဖေဖေ့သဘောထား ကိုကလည်း ဒီလိုပါပဲ။ ဖေဖေတို့ကတော့ ရွှေတိဂုံဘုရား ဖူးချင်တယ်ဆိုတာ ကျမတို့အားလုံးက မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတာကိုး။ အဲဒီတော့ ရွှေတိဂုံဘုရား ဆိုတာလည်း ကျမတို့ မြန်မာနိုင်ငံရဲ့ အမျိုးသားသင်္ကေတ တရပ်ပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ ရွှေတိဂုံဘုရားဆိုတာ ကျမတို့ စိတ်အစဉ်မှာ အမြဲစွဲမြဲနေတဲ့ ယုံကြည်ချက်တခု၊ ပုံသဏ္ဍာန်ကြီးတခု ဖြစ်တာပေါ့။ အဲဒါကို ဖေဖေ့အနေနဲ့ အခုလို အသက်ကြီးလာတဲ့ အခါမှာ စွဲစွဲလန်းလန်းနဲ့ ရွှေတိဂုံဘုရား ဖူးချင်လိုက်တာ ဆိုတာ သူသဘာဝကျစွာ ပြောတာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ တသက်လုံး စောင့်ထိန်းပြီး လုပ်ကိုင်လာတဲ့ နိုင်ငံရေးတရပ်၊ ယုံကြည်ချက်တရပ်ကို စွန့်လွှတ်ပြီးတော့မှ ပြန်ရမယ်ဆိုရင် ပြန်မှာမဟုတ်ပါဘူး။”

ဒါဆိုရင်တော့ အခုချိန်ထိ ပြန်ဖို့၊ မပြန်ဖို့ ကိစ္စက မဆုံးဖြတ်ရသေးဘူးပေါ့။ -

“မဆုံးဖြတ်ရသေးပါဘူး။ မဆုံးဖြတ်ရသေးတယ် ဆိုတာထက် လောလောဆယ်က ဖြစ်ကိုမဖြစ်နိုင် သေးတာပါ။ ခုနက ပြောသလို နိုင်ငံရေးအကြောင်းတွေလည်း ရှိတယ်၊ လက်တွေ့ ကျန်းမာရေး အကြောင်းတွေလည်း ရှိတယ်။ ဒါကြောင့် လောလောဆယ် မဖြစ်နိုင်သေးပါဘူး။”

ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

အသက် ၉၃ နှစ် ရှိပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ အခုအခါမှာ ကျန်းမာရေး မကောင်းတဲ့အတွက် တရုတ်နိုင်ငံ ကူမင်းမြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။

ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေထဲက ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော နဲ့ ဗိုလ်ရဲထွဋ်တို့ ၂ ဦး သာ အခုချိန်အထိ သက်ရှိထင်ရှား ကျန်နေတော့တာ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကို အဖဦးပန်း၊ အမိဒေါ်တင့်တို့က ၁၉၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာမှာ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက် အနက် ဒုတိယမြောက်သား ဖြစ်ပါတယ်။

ဗမာ့တပ်မတော် အရာရှိဟောင်းတဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစ ကာလတွေအတွင်း ဖြစ်ခဲ့တဲ့ ပြည်တွင်းရောင်စုံ သူပုန်ထမှုတွေ နဲ့ ပြည်ပတရုတ်ဖြူတွေရဲ့ ကျူးကျော်မှုတွေကို တွန်းလှန် ကာကွယ်တိုက်ပွဲဝင်ခဲ့တဲ့သူ -*2ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၅၇ ခုနှစ်မှာ သူ့ကို ဗမာ့တပ်မတော်ကနေ ထုတ်ပယ်ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်တဲ့ တရုတ်နိုင်ငံ နယ်စပ်ကို မိသားစုနဲ့အတူ ထွက်ခွာလာခဲ့ပြီး၊ ၁၉၈၉ ခုနှစ်ကစပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG