သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဆူဒန်နဲ့ ဆီးရီးယားငြိမ်းချမ်းရေး ရဟန်းမင်းကြီးဆော်သြ


ကမ္ဘာတလွှား ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေနဲ့ တောင်ဆူဒန်နိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့တို့အတွက် ပုပ်ရဟန်းမင်းကြီး Francis က သူ့ရဲ့ ပထမဆုံး ခရစ္စမတ်နေ့ မိန့်ခွန်းအတွင်း ထည့်သွင်း တောင်းဆိုလိုက်ပါတယ်။

ဗာတီကန်မြို့တော် St. Peter’s ရင်ပြင်မှာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တခုဖြစ်တဲ့ ခရစ္စမတ်နေ့အတွက် တက်ရောက်လာကြတဲ့ ထောင် သောင်းချီတဲ့ ပရိတ်သတ်ကြီးကို ဗုဒ္ဓဟူးနေ့က ဟောကြားတဲ့တရားအတွင်း အသက် ၇၇ နှစ်အရွယ် အာဂျင်တီးနားနိုင်ငံသား ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောဆိုလိုက်တာပါ။

တောင်ဆူဒန်နိုင်ငံနဲ့ နိုင်ဂျီးရီးယား၊ ကွန်ဂို၊ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးကြဖို့ သူ့ရဲ့ မြို့တော်နဲ့ ကမ္ဘာသူ ကမ္ဘာသားများအတွက် ပထမဆုံးအကြိမ် ပြောကြားတဲ့ ဗုဒ္ဓဟူးနေ့ မိန့်ခွန်းအတွင်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောဆိုခဲ့တာပါ။

အစ္စရေးလ်နဲ့ ပါလက်စတိုင်းအကြားက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလည်း တိုးတက် ကောင်းမွန်မှု ရရှိစေရေး ဆုတောင်းပေးတဲ့အကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထောင်နဲ့ချီတဲ့ ခရစ်ယာန်တွေဟာ ကညာမယ်တော် မာရိယက ခရစ်တော် ယေရှုဖွားမြင်တဲ့နေရာလို့ ခရစ်ယာန်အများစုက ယူဆထားတဲ့ ပါလက်စတိုင်းဒေသ အနောက်ဘက်ကမ်းခြေ Bethlehem မြို့မှာရှိတဲ့ Manger ရင်ပြင်ကို ဖြတ်လျှောက်ပြီး နှစ်ပေါင်း ထောင်နဲ့ချီ သက်တမ်း ရှိနေပြီဖြစ်တဲ့ Nativity ဘုရားကျောင်းအပြင်ကို သွားရောက်ခဲ့ကြပါတယ်။

ဘုရားကျောင်းအတွင်းမှာတော့ ဂျေရုဆလင်မြို့က လက်တင်ဂိုဏ်းအုပ်ကြီး Fuad Twal က ညဦးယံဝတ်ပြုဆုတောင်းပွဲကို ဦးဆောင်ခဲ့ပြီး အဲဒီ ဆုတောင်းပွဲကို ပါလက်စတိုင်းသမ္မတ Madmoud Abbas နဲ့ ဥရောပ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Catherine Ashton တို့ တက်ရောက်ခဲ့ပါတယ်။

အီရတ်နိုင်ငံမှာတော့ အနည်းငယ် တည်ငြိမ်မှုရှိနေတဲ့ အခြေအနေနဲ့ လုံခြုံရေးတွေ တိုးမြှင့်ချထားတာကို အမိအရ အသုံးချပြီး ခရစ်ယာန်မိသားစုတွေဟာ ခရစ္စမတ်နေ့အကြို ဆုတောင်းပွဲကို ဘက်ဂဒတ်မြို့က Mar Youssef ဘုရားကျောင်းမှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီ အခမ်းအနားကို အီရတ်နိုင်ငံရဲ့ အစ္စလာမ်မစ် ကောင်စီဥသျှောင် Ammar al-Hakim တက်ရောက်ခဲ့ပြီး ခရစ်ယာန်ရော မူဆလင်တွေပါ အစွန်းရောက် အကြမ်းဖက်မှုတွေကို လက်တွဲ ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG