ဘဲလာရုရှ်နိုင်ငံမှာ သမ္မတ အလက်ဇန်းဒါး လူကာရှင်ကို (Alexander Lukashenko) ကပဲ ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ၄ ကြိမ်မြောက် သမ္မတ ဆက်ဖြစ်လာမှုပဲ ဖြစ်ပါတယ်။ နောက်ထပ် ၅ နှစ် သမ္မတ ဆက်လုပ်ရဦးမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲက လုပ်ကြံ ဖန်တီးထားတဲ့ ရွေးကောက်ပွဲဆိုပြီး အတိုက်အခံတွေက မကျေမနပ်နဲ့ ဆန္ဒပြမှုတွေ ရှိခဲ့လို့ လုံထိန်းတွေက အကြမ်းဖက် နှိမ်နင်းမှုတွေ ရှိခဲ့ပါတယ်။
မစ္စတာ လူကာရှင်ကိုဟာ မဲအရေအတွက် ၈၀% လောက်နဲ့ နောက်တကြိမ် သမ္မတအဖြစ် ထပ်ပြီး အရွေးခံရတဲ့အကြောင်း ဒီကနေ့ စောစောပိုင်းကပဲ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
မစ္စတာ လူကာရှင်ကိုဟာ အကွက်ဆင်ပြီး လုပ်ခဲ့တာလို့ အတိုက်အခံတွေက ဆိုနေပေမဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်တဲ့ ရုရှားက ခေါင်းဆောင်တဲ့ CIS အဖွဲ့ ပြောတာက မဲပေးမှုတွေဟာ တရားဝင်မှု ရှိတယ်လို့ ဆိုပါတယ်။
CIS အဖွဲ့ရဲ့ အကြီးအကဲ ဆာဂီ လယ်ဗီဒေ့ဗ်က အခုရွေးကောက်ပွဲမှာ တရားဝင်မှု မဖြစ်စေတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘာမှ မတွေ့ရပါဘူးလို့ ဆိုပါတယ်။
မနေ့တုန်းက မဲရုံတွေ ပိတ်ပြီးပြီးချင်းပဲ မင့်စ်ခ်မြို့လယ်ခေါင်က အကြီးအကျယ် ဆန္ဒပြနေတာကို လုံထိန်းရဲတွေက နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ပြီး ဖြိုခွဲခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက အစိုးရရုံးတွေရဲ့ ပြတင်းပေါက်တွေနဲ့ တံခါးပေါက်တွေကို ထုနှက် ရိုက်ခွဲခဲ့ကြပြီး ရုံးတွေထဲကိုလည်း အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ လူတွေ ရာနဲ့ချီ အဖမ်းခံခဲ့ရပြီး အများအပြားလည်း ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။