သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဲလားရုရှ် အာဏာရှင် သမ္မတသက်တမ်း ၄ ဆက်မြောက် အရွေးခံရဖို့ သေချာ


ဘဲလားရုရှ်သမ္မတ အလက်ဇန္ဒား လူရှယ်န်ကို။ ဒီဇင်ဘာ ၁၉၊ ၂၀၁၀။
ဘဲလားရုရှ်သမ္မတ အလက်ဇန္ဒား လူရှယ်န်ကို။ ဒီဇင်ဘာ ၁၉၊ ၂၀၁၀။

ဒီကနေ့ ဘဲလားရုရှ်နိုင်ငံမှာ နောက်ထပ် ၅ နှစ် သက်တမ်းအတွက် သမ္မတ ရွေးကောက်ပွဲ ပြုလုပ်နေပါတယ်။

သမ္မတလောင်း ၉ ဦးထဲမှာ လက်ရှိသမ္မတ အလက်ဇန္ဒား လူရှယ်န်ကို (Alexander Lukashenko) က အနိုင်ရဖို့ များနေပါတယ်။ သမ္မတ လူရှယ်န်ကိုဟာ ၃ ကြိမ်တိုင် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပြီး အခု စတုတ္ထအကြိမ် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတလောင်းတွေရဲ့ မဲဆွယ်ကြေညာမှုတွေ ကန့်သတ်ခံထားရသလို သမ္မတလောင်း တဦးဟာ အမေရိကန် ဒေါ်လာ ၆၂,၀၀၀ ထက်ပိုပြီး ရွေးကောက်ပွဲ အသုံးစရိတ်ကို သုံးခွင့် မရှိပါဘူး။

၁၉၉၄ ခုနှစ်ကတည်းက သမ္မတဖြစ်ခဲ့တဲ့ မစ္စတာ လူရှယ်န်ကိုအတွက် အစိုးရပိုင် ရေဒီယို၊ ရုပ်မြင်သံကြားတွေက ကူညီ မဲဆွယ်ပေးနေတယ်လို့ အတိုက်အခံတွေက စွပ်စွဲနေကြပါတယ်။

မဲရုံပေါင်း ၇၀,၀၀၀ ကျော်ရဲ့ ၉၉% မှာ သမ္မတ လူရှယ်န်ကိုက သူ့အတွက် မဲရုံကိုယ်စားလှယ်တွေ ခန့်အပ်ထားခဲ့ပြီးတော့ ပြည်ပက လာရောက်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေက မဲပေးတဲ့ လုပ်ငန်းစဉ်ကို ဝင်ရောက်စွက်ဖက်ရင် သူတို့ကို ချက်ချင်း နှင်ထုတ်မယ်လို့ သမ္မတက အစိုးရကို သတိပေးထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေကိုလည်း မလုပ်ရဘူးလို့ ဘဲလားရုရှ် အာဏာပိုင်တွေက သတိပေးထားပါတယ်။

၁၉၉၁ မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲရာက ပဲ့ထွက်လာခဲ့တဲ့ ဘဲလားရုရှ်နိုင်ငံဟာ တလျှောက်လုံး ရုရှားနိုင်ငံနဲ့ နီးစပ်ခဲ့ပေမဲ့ မကြာသေးခင်က ရုရှားနဲ့ မပြေမလည် ဖြစ်ခဲ့တာကြောင့် ဥရောပသမဂ္ဂနဲ့ တောင်အမေရိကက ဗင်နီဇွဲလား နိုင်ငံတို့နဲ့ ဆက်ဆံရေးကောင်းဖို့ ကြိုးပမ်းလာနေပါတယ်။

XS
SM
MD
LG