သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brussels မြို့တော် လုံခြုံရေးအဆင့် တိုးမြှင့်


ပြင်သစ်နိုင်ငံမှာ ပဲရစ်မြို့မှာ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ရတဲ့ လွန်ခဲ့တဲ့ ၈ ရက်က အကြမ်းဖက်တိုက်ခိုက်မှုတွေလိုမျိုး အလားတူ တိုက်ခိုက်နိုင်တဲ့ အန္တရာယ်တွေ ရှိတယ်လို့ ဘယ်လ်ဂျီယံအစိုးရက သတိပေးခဲ့ပြီးနောက် မြေအောက်ရထားလိုင်းတွေကို ပိတ်ပစ်ခဲ့သလို၊ လူစည်ကားတဲ့ နေရာတွေကို မသွားလာကြဖို့ သတိပေးလိုက်ပြီး တမြို့လုံးက သွားလာလှုပ်ရှားမှုတွေကို ပိတ်ပစ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ပဲရစ်မြို့ကို အကြမ်းဖက် တိုက်ခိုက်ခဲ့ သူတွေကိုလည်း အာဏာပိုင်တွေက ပိုက်စိပ်တိုက် ရှာဖွေနေတာပါ။

စနေနေ့ကတော့ မြို့တော် Brussels က လက်နက်အပြည့် ကိုင်ဆောင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ကင်းလှည့်စောင့်ကြပ်နေကြပါတယ်။

အာဏာပိုင်တွေ ရရှိခဲ့တဲ့ ခိုင်လုံတဲ့ သတင်းတွေအရ - လတ်တလော စိုးရိမ်ရလောက်တဲ့ ခြိမ်းခြောက်မှု ရှိနေတာကြောင့် သတိပေးချက်ကို အမြင့်ဆုံးအဆင့်ထိ တိုးမြှင့်လိုက်ကြောင်း ဘယ်လ်ဂျီယံဝန်ကြီးချုပ် Charles Michel က ပြောဆိုခဲ့တာပါ။ လက်နက်တွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ လူတချို့က တိုက်ခိုက်မှုတွေ လုပ်လာနိုင်သလို၊ နေရာတော်တော်များများကိုတောင် တိုက်ခိုက်ကောင်း တိုက်ခိုက်လာနိုင်တဲ့အထိ စိုးရိမ်ရတယ်လို့လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

ပဲရစ်မြို့ တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး မသင်္ကာသူတဦးကို Brussels မြို့ နေအိမ်တအိမ်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် အခုလို လုံခြုံရေးသတိပေးချက်တွေကို တိုးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။

ဝန်ကြီးချုပ်မှတ်ချက်ပေး ပြောကြားခဲ့တဲ့ ခိုင်လုံတဲ့သတင်းဆိုတဲ့ အထဲမှာ ပဲရစ်က တိုက်ခိုက်မှုတွေမှာ အဓိကပါဝင်ခဲ့သူတဦးအဖြစ် သံသယရှိနေပြီး လွတ်မြောက်နေဆဲဖြစ်တဲ့ Salah Abdeslam ဟာ နန်းတော် ဒါမှမဟုတ် ဘူတာကြီးလို Brussels မြို့က အများပြည်သူ သွားလာတဲ့ နေရာမှာ သူ့ကိုယ်သူ အသေခံ ဗုံးဖောက်ဖို့ စီစဉ်ကောင်း စီစဉ်နေနိုင်တဲ့ အလားအလာတွေ ရှိနေတဲ့ ကိစ္စလည်း ပါဝင်တယ်လို့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး သတင်းရပ်ကွက်က ဗွီအိုအေ သတင်းထောက် ဂျမီး ဒက်မား ကို ပြောဆိုခဲ့ပါတယ်။

ပဲရစ်မြို့ တိုက်ခိုက်မှုတွေအပြီး နာရီပိုင်းအကြာ နိုဝင်ဘာလ ၁၄ ရက်နေ့က ဘယ်ဂျီယံနိုင်ငံထဲကို ဝင်သွားတာ နောက်ဆုံးတွေ့ခဲ့ရတဲ့ Abdeslam ကို ခြေရာခံ ဖမ်းမိနိုင်ဖို့ ဥရောပတလွှားမှာ အာဏာပိုင်တွေက အပူတပြင်း လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။ Brussels မှာရှိတဲ့ ဘူတာရုံတွေကိုတော့ ဒီနေ့ နေ့ခင်းအထိ အနည်းဆုံး ပိတ်ထားမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG