သုံးရလွယ်ကူစေသည့် Link များ

ဘယ်လ်ဂျီယံ ဗုံးဖောက်ခွဲမှု သံသယရှိသူ တဦးကို ရှာဖွေနေဆဲ


ဘယ်လ်ဂျီယံဖောက်ခွဲမှု သံသယရှိနေသူများ

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့က လေဆိပ်နဲ့ ရထားဘူတာရုံတွေကို အင်္ဂါနေ့က ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေအတွက် အဓိက လက်သည်အဖြစ် ယူဆထားသူတွေထဲကတဦးကို ဘယ်လ်ဂျီယံအာဏာပိုင်တွေ ဆက်ရှာနေကြပါတယ်။ အဲဒီတိုက်ခိုက်မှုတွေ ကြောင့် လူ ၃၁ ယောက်ထက်မနည်းသေဆုံးပြီး ၂၇၁ ယောက် ဒဏ်ရာရခဲ့တာပါ။

Khalid နဲ့ Brahim el-Bakraoui ညီအကိုနှစ်ဦးဟာ တိုက်ခိုက်မှုတွေမှာ အသေခံဗုံးခွဲသူတွေဖြစ်တယ်လို့ ဘယ်လ်ဂျီယံ ဖက်ဒရယ် ရှေ့နေ Frederic Van Leeuw က အတည်ပြုပြောပါတယ်။

Khalid ဟာ Maelbeek ဘူတာရုံက ရထားတစင်းပေါ်မှာ အသေခံဗုံးခွဲခဲ့တယ်လို့ ရှေ့နေ Van Leeuw ကပြောပါတယ်။ လေဆိပ် က CCTV ကင်မရာတွေကနေ ရိုက်ယူထားတဲ့ တခြားလူနှစ်ယောက် ဘယ်သူတွေဆိုတာကိုတော့ အာဏာပိုင်တွေ အတည်မပြု နိုင်သေးပါဘူးလို့လည်း သူကဆိုပါတယ်။

အသေခံဗုံးခွဲသူတယောက်ဟာ လေဆိပ်က အမှိုက်ပုံးတပုံးထဲမှာ သေတမ်းစာတစောင် ထားသွားတယ်လို့ Van Leeuw ကပြော ပါတယ်။ မြို့တော်က Schaerbeek အရပ်မှာရှိတဲ့ နေအိမ်တလုံးကို ၀င်ရှာတာမှာ ဖောက်ခွဲရေးပစ္စည်းတွေ၊ စနက်တံတွေနဲ့ သံ ချောင်းတွေအပြည့်ထားတဲ့ လက်ဆွဲအိတ်တလုံးကို အာဏာပိုင်တွေ တွေ့ခဲ့ရတယ်လို့ သူကပြောပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းမိထား တဲ့လူတယောက်ဟာ အသက် ၂၅ နှစ်အရွယ် Najim Laachraoui ဖြစ်တယ်လို့ ဘယ်လ်ဂျီယံ သတင်းဌာနတွေက အစောပိုင်းမှာ ပြောပါတယ်။ ဒီသတင်းကို နောက်ပိုင်းမှာ ပြန်ပြင်လိုက်ကြပြီး တိုက်ခိုက်မှုနဲ့ဆက်စပ်တဲ့ ဘယ်သူ့ကိုမှ ဖမ်းမမိသေးဘူးလို့ ရှေ့နေ Van Leeuw က အတည်ပြုပြောပါတယ်။

သေဆုံးသွားသူ ၃၄ ဦးအတွက် တစ်မိနစ်တာငြိမ်သက်ပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်ပြုကြတာနဲ့အမျှ ဖောက်ခွဲမှုတွေအတွက် သံသယရှိသူတဦးကို ဖမ်းမိလိုက် ပြီလို့ ဘယ်လ်ဂျီယံသတင်းဌာနတွေက ပြောပါတယ်။

ပန်းတွေ၊ အမှတ်တရပစ္စည်းတွေကို သွားချကြတဲ့ ဘရပ်ဆဲလ်စ်မြို့တော်က Place de la Bourse ရင်ပြင်မှာ ဒီကနေ့ လူတွေ စုဝေးကြတာပါ။ အရင်ဆုံးတော့ တမိနစ်တာ ငြိမ်သက်လိုက်ကြပြီး အဲဒီနောက် အားလုံးတညီတညွတ်ထဲရှိကြတယ်ဆိုတာကို ပြတဲ့အနေနဲ့ လက်ခုပ်တီးသံတွေ ရုတ်တရက်ထွက်လာပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံသားတွေ အဓွန့်ရှည်ပါစေဆိုတဲ့ အော်သံတခုနောက်မှာ နောက်ထပ် လက်ခုပ်သံတွေ ထပ်ထွက်လာပါတယ်။

ဒီအတောအတွင်းမှာပဲ အင်္ဂါနေ့က ဘရပ်ဆဲလ်စ်မြို့တော် ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေမှာ သံသယရှိသူတဦးကို ရဲတပ်ဖွဲ့က ဖမ်းမိ လိုက်ပြီလို့ ဘယ်လ်ဂျီယံကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အသက် ၂၅ နှစ်အရွယ် Najim Laachraoui ကို အာဏာ ပိုင်တွေက အလိုရှိနေတဲ့သူအဖြစ် အစောပိုင်းသတင်းတွေမှာ ဖော်ပြကြ တာဖြစ်ပြီး ဒီကနေ့အဖမ်းခံရသူဟာ သူဖြစ်တယ်လို့ ယူဆထားကြတာပါ။

ဘရပ်ဆဲလ်စ်မြို့၊ Anderlecht အရပ်မှာ Laachraoui ကို ဖမ်းလိုက်တာလို့ သတင်းတွေကပြောပါတယ်။ ဘရပ်ဆဲလ်စ်မြို့ ဗုံးဖောက်ခွဲတိုက်ခိုက်မှုမဖြစ်ခင်ကတည်းကိုက ရဲတပ်ဖွဲ့က သူ့ကိုရှာနေတာပါ။

ဗုံးဖောက်ခွဲတိုက်ခိုက်တဲ့ထဲက နောက်နှစ်ယောက်ကတော့ အသက် ၂၇ နှစ်နဲ့ ၃၀ အရွယ် ညီအကိုနှစ်ဦးဖြစ်တဲ့ Khalid နဲ့ Brahim el-Bakraoui တို့ဖြစ်တယ်လို့ သတင်းတွေကပြောကြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံ အာဏာပိုင်တွေဘက်က အတည်မပြုသေးပါဘူး။

XS
SM
MD
LG