သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု သံသယရှိသူ ၁၃ ဦး Belgium ဖမ်းဆီး


ဘယ်လ်ဂျီယံရဲလုံခြုံရေးများ (ဇန်နဝါရီ ၁၆၊ ၂၀၁၅)
ဘယ်လ်ဂျီယံရဲလုံခြုံရေးများ (ဇန်နဝါရီ ၁၆၊ ၂၀၁၅)

ဘယ်လ်ဂျီယံနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့ဝင်တွေလို့ ယူဆရသူ ၁၃ ဦးကို နိုင်ငံတဝှမ်းမှာ လိုက်လံ ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းအတွင်း ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ သိသာတဲ့ ကွင်းဆက်ကို မတွေ့ရကြောင်း အစိုးရ အရာရှိတွေက သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံမှာ ဖမ်းဆီးလိုက်တဲ့ ၁၃ ယောက်အပြင် ပြင်သစ်နိုင်ငံ မှာလည်း နောက်ထပ် ၂ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။

ဂျာမနီနိုင်ငံ နယ်စပ်အနီးမှာရှိတဲ့ Verviers မြို့က အကြမ်းဖက်သမားတွေရဲ့ အိမ်ကို ဝင်စီးတဲ့အချိန် အိမ်ထဲမှာ မောင်းပြန်သေနတ်တွေ၊ လက်နက်ငယ်တွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေအပြင် ရဲဝတ်စုံတွေကိုပါ တွေ့ခဲ့ရကြောင်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ဝင်ရောက် စီးနင်းမှုအတွင်း အကြမ်းဖက်သမား ၂ ဦး သေဆုံးပြီး တဦးကို အရှင် ဖမ်းဆီးလိုက်နိုင်ပေမယ့် သူတို့ ဘယ်သူတွေဆို တာတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ သူတို့နေတဲ့နေရာ ရဲတပ်ဖွဲ့က ဝင်စီးတဲ့အချိန် အကြမ်းဖက်သမားတွေဖက်က အရင် စပစ်တာဖြစ်ပြီး သူတို့နေတဲ့ တိုက်ခန်းထဲမှာ သေနတ်သံတွေ၊ မီးခိုးတွေနဲ့ ပြည့်နေပြီး အချက်ပေး ဥသြသံတွေပါ ဆူညံနေတယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် တယောက်မှ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိပါဘူး။

မြို့တော် Brussels အပါအဝင် ဘယ်လ်ဂျီယံနိုင်ငံတဝှမ်းက တခြားနေရာတွေမှာ လည်း အာဏာပိုင်တွေက ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်သမားလို့ သံသယရှိခံရသူတွေထဲက တချို့ဟာ ဆီးရီးယားနိုင်ငံက ပြန်လာကြတဲ့ သူတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ယူဆထားတာပါ။

XS
SM
MD
LG