သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘယ်လ်ဂျီယံအသင်း ၅ ဂိုး၊ ၂ ဂိုးနဲ့ တူနီးရှားကို အနိုင်ရ


ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ ဆက်လက်ကစားရာမှာ ဒီကနေ့မှာတော့ ပထမဆုံးပွဲအဖြစ် ဘယ်လ်ဂျီယံနဲ့ တူနီးရှားတို့ ကစားခဲ့ကြရာမှာ ၅ ဂိုး ၂ ဂိုးနဲ့ ဘယ်လ်ဂျီယံက အနိုင်ရသွားပါတယ်။ ပထမပိုင်းပွဲစပြီး ၅ မိနစ်မှာပဲ တူနီးရှားအသင်း ပြစ်ဒဏ်ဘော ပေးခံခဲ့ရတဲ့အတွက် ဘယ်လ်ဂျီယံက ပထမတဂိုး ရခဲ့ပါတယ်။

၁၆ မိနစ်မှာ ဘယ်လ်ဂျီယံက ဒုတိယတဂိုး ထပ်ရခဲ့သလို၊ တူနီးရှားက ၁၈ မိနစ်မှာ ပထမဆုံး ချေပဂိုးတဂိုး သွင်းနိုင်ခဲ့ပါတယ်။ ပထမပိုင်း အဆုံးသတ်ကာနီး အချိန်ပိုမှာပဲ ဘယ်လ်ဂျီယံက နောက်ထပ်တဂိုးထပ်သွင်းခဲ့တာပါ။ ဒုတိယပိုင်းပွဲစပြီး ၁၀ မိနစ်ကျော်မှာပဲ ဘယ်လ်ဂျီယံက နောက်ထပ် တဂိုးထပ်ရခဲ့သလို၊ မိနစ် ၉၀ အကြာမှာ နောက်ထပ်တဂိုး သွင်းခဲ့တာပါ။ ဒုတိယပိုင်း အချိန်ုပိုမှာပဲ တူနီးရှားက တဂိုးပြန်သွင်းခဲ့တဲ့အတွက် ဘယ်လ်ဂျီယံက ၅ ဂိုး၊ တူနီးရှားက ၂ ဂိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ပွဲဦးထွက်မှာလည်း ပနားမားကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားထားပြီး အုပ်စု G မှာ အမှတ်အများဆုံးနဲ့ ထိပ်ဆုံးနေရာ ရထားတဲ့ ဘယ်လ်ဂျီယံအသင်း အနိုင်ရခဲ့ပြီး၊ အင်္ဂလန်နဲ့ ပွဲဦးထွက်မှာ ၂ ဂိုး၊ ၁ ဂိုးနဲ့ ရှုံးထားတဲ့ တူနီးရှား အသင်းအတွက်တော့ ဒီပွဲဟာ နောက်ဆုံးပွဲ ဖြစ်သွားပါပြီ။

ဒီနေ့ ဒုတိယပွဲစဉ်အဖြစ်နဲ့ကတော့ တောင်ကိုရီးယားနဲ့ မက္ကစီကို အသင်းတို့ ကစားကြမှာပါ။ ပွဲဦးထွက်မှာ ဂျာမနီအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ကစားထားပြီး အုပ်စု F မှာ ဒုတိယနေရာရထားတဲ့ မက္ကစီကို အသင်းက ခြေသာလိမ့်မယ်လို့လည်း ကြိုတင်ခန့်မှန်းနေကြပါတယ်။ ပွဲဦးထွက်မှာ ဆွီဒင်အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးထားပြီး အုပ်စုမှာ နောက်ဆုံးနေရာရောက်နေတဲ့ တောင်ကိုရီးယား အသင်းအနေနဲ့ ဒီပွဲမှာ ထပ်ရှုံးခဲ့မယ် ဆိုရင်တော့ ထွက်ရတော့မှာ ဖြစ်ပါတယ်။

ဒီကနေ့ နောက်ဆုံးပွဲစဉ် အဖြစ်နဲ့ကတော့ ဂျာမနီနဲ့ ဆွီဒင်တို့ ကစားမှာ ဖြစ်ပါတယ်။ အုပ်စု F မှာ ဗိုလ်စွဲထားတဲ့ ဆွီဒင်အသင်းကို တတိယနေရာမှာ ရှိနေတဲ့ ဂျာမနီအသင်းအနေနဲ့ အနိုင်မကစားနိုင်ဘူး ဆိုရင်တော့ ဆက်ကစားခွင့်မရဘဲ ထွက်ရတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG