သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Belgium အကြမ်းဖက်တိုက်ခိုက်ခံရမှု လူ ၃၀ ထက်မနည်း သေဆုံး


Brussels မြို့တော်မှာ နိုင်ငံတကာလေဆိပ်မှာ ဒီကနေ့ပေါက်ကွဲမှုတွေဖြစ်ပွား
Brussels မြို့တော်မှာ နိုင်ငံတကာလေဆိပ်မှာ ဒီကနေ့ပေါက်ကွဲမှုတွေဖြစ်ပွား

Belgium နိုင်ငံ Brussels မြို့တော်မှာ ဒီကနေ့ပေါက်ကွဲမှုတွေဖြစ်ပွားလို့ လူ ၃၀ မကသေဆုံးသွားရပြီး နိုင်ငံတကာလေဆိပ်ကို ပိတ်လိုက်ရသလို မြို့တော်တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ရပ်နားထားလိုက်ပါတယ်။

Belgian ဝန်ကြီးချုပ် ရှားမစ်ရှဲယ်လ် Charles Michel က ဒီတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး ပြောကြားရာမှာ ဒီတိုက်ခိုက်မှုတွေဟာအကြမ်းဖက်ရည်ရွယ်ချက်နဲ့ သူရဲဘောဆန်ဆန် တမင်တိုက်ခိုက်မှုဖြစ်တယ်၊ ကျနော်တို့နိုင်ငံသမိုင်းအတွက် အင်မတန်ဆိုးဝါးတဲ့ ဖြစ်ရပ်ဖြစ်ပြီး အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ ညီညွတ်မှုကို ပြသဖို့ တိုက်တွန်းသွားပါတယ်။ ရုပ်သံသတင်းတွေမှာတော့ မနက် ၈ နာရီလောက်မှာ Zaventem လေဆိပ်မှာ ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ပြီးနောက်မှာ မှန်ပြူတင်းပေါက်ကြီး တွေ ကွဲထွက်ကုန်ပြီး လေဆိပ်အဆောက်အဦး ကြမ်းပြင်ပေါ်မှာ မှန်ကွဲတွေ နံရံအကာပြားတွေ ပြုတ်ကျနေတာတွေ၊ မီးခိုးတွေအူထွက်နေတဲ့ပုံတွေနဲ့လူတွေ အလန့်တကြားထွက်ပြေးလာတဲ့ပုံတွေကို တွေ့ရပါတယ်။ မပေါက်ကွဲရသေးတဲ့ တတိယဗုံးကို တာဝန်ရှိသူတွေ အချိန်မှီရှာတွေ့ခဲ့တယ်လို့ Belgium က သတင်းမီဒီယာတွေမှာ ပြောနေပါတယ်။ တိုက်ခိုက်မှုတွေမှာ အနည်းဆုံး လေဆိပ်တိုက်ခိုက်မှုတခုကအသေခံဗုံးခွဲမှုဖြစ်တယ်လို့ Belgian အစိုးရရှေ့နေတဦးက ပြောပါတယ်။ တိုက်ခိုက်မှုမတိုင်ခင်မှာ အာရေဗျဘာသာစကားနဲ့ ဟစ်အော်ခဲ့တာတွေလည်းရှိခဲ့တယ်လို့ Belgian သတင်းတွေမှာ ပြောနေတာပါ။ နောက်တနာရီလောက်မှာတော့ EU ဥရောပသမဂ္ဂ ရုံးချုပ်နားက Maalbeek မြေအောက်ရထားဘူတာရုံမှာ ပေါက်ကွဲမှုတခု ထပ်ဖြစ်ပြီး၊ လူ ၂၀ မက သေဆုံးကာ ၅၅ ဦး ဒဏ်ရာရရှိသွားတယ်လို့ Brussels မြို့တော်ဝန်က ပြောပါတယ်။ ဥရောပသမဂ္ဂ ရုံးတွေမှာ အလုပ်လုပ်တဲ့သူတွေကို ရုံးမလာကြဖို့ ညွှန်ကြားချက်ထုတ်ထားပါတယ်။ မြေအောက်ရထားဘူတာထဲကနေ ထိခိုက်ဒဏ်ရာရပြီး ကြောက်လန့်တကြား ထွက်လာကြတာကိုလည်း ရုပ်သံသတင်းပြနေတာမှာ တွေ့ရပါတယ်။Belgian အာဏာပိုင်တွေက နိုင်ငံတွင်း အကြမ်းဖက်မှုအန္တရာယ်နဲ့ပတ်သတ်တဲ့ သတိပေးချက်ကို အမြင့်ဆုံးအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် ဂျာမဏီနိုင်ငံ Frankfurt ဗြိတိန်နိုင်ငံ လန်ဒန်နဲ့ ပြင်သစ်နိုင်ငံ ပါရီ၊ နယ်သာလန်နိုင်ငံတို့က လေဆိပ်တွေမှာ လုံခြုံရေးကို အထူးတိုးမြှင့်ချထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လူ ၁၃၀ သေဆုံးပြီး လူ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ တိုက်ခိုက်မှုအတွက် အဓိကလက်သည်ကို Brussels မြို့တော်မှာ မိသွားအပြီးရက်ပိုင်းအတွင်း ဒီကနေ့မှာပဲ အခုလို ပေါက်ကွဲမှုတွေ ဖြစ်ပွားတာပါ။

Brussels တိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်တွေ တုံ့ပြန်

Belgium နိုင်ငံ Brussels မြို့တော်မှာ ဒီကနေ့ လူတွေသေကြေခဲ့ရတဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်မှုကို ကမ္ဘာတဝှမ်း ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ကြပါတယ်။ Cuba နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Barack Obama က သူ့ခရီးစဉ်နောက်ဆုံးနေ့မှာ ပြောကြားတဲ့မိန့်ခွန်းမှာ အမေရိကန်ပြည်သူတွေအနေနဲ့ Belgium ပြည်သူတွေနဲ့ တသားတည်း ရပ်တည်လျှက်ရှိပါတယ်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ Belgium နိုင်ငံကို တတ်နိုင်တဲ့အပိုင်းကနေ အကူအညီပေးသွားမှာဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ဥရောသမဂ္ဂကောင်စီ ဥက္ကဋ္ဌ Donald Tusk က တိုက်ခိုက်မှုတွေဟာ ထိတ်လန့် တုန်လှုပ်စရာဖြစ်တယ်လို့ ဆိုပြီး ဥရောပသမဂ္ဂ အနေနဲ့လည်း တတ်နိုင်သမျှ ကူညီထောက်ပံ့ ပေးသွားမယ်လို့ ပြောပါတယ်။ အခုတိုက်ခိုက်မှုတွေဟာ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်သမားတွေရဲ့ သေးသိမ်တဲ့ နောက် လုပ်ရပ်ဖြစ်တယ်လို့ မစ္စတာ Tusk က ပြောဆိုပါတယ်။ EU ဥရောပသမဂ္ဂ အနေနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုကိုBelgium အပါအဝင် ဥရောပနိုင်ငံတွေအားလုံး တသားတည်း စုပေါင်း ကိုင်တွယ်ရာမှာ ဥရောပသမဂ္ဂအနေနဲ့ ကဏ္ဍတရပ်ကနေ ပါဝင်ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။ ပြင်သစ်သမတ Francois Hollande ကတော့ Brussels ကို အကြမ်းဖက်သမားတွေ တိုက်ခိုက်တယ်ဆိုပေမယ့်၊ ဒါဟာ ဥရောပတခုလုံးကို တိုက်ခိုက်မှုဖြစ်တယ်လို့ အရေးပေါ် အစည်းအဝေးမှာ ပြောသွားပါတယ်။ လန်ဒန်မြို့တော်မှာတော့ အရေးပေါ် ဝန်ကြီးအဖွဲ့အစည်းအဝေးခေါ်ယူပြီး ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ဒီတိုက်ခိုက်မှုကို ရှုတ်ချသွားသလို၊ အကြမ်းဖက်မှု အန္တရာယ်ကို တန်ပြန်ဖို့ ဥရောပတခုလုံး စုစည်းရပ်တည်ရမယ်လို့ ပြောသွားပါတယ်။ ဂျာမဏီ ဝန်ကြီးချုပ် Angela Merkel ရဲ့ အရာရှိချုပ် Peter Altmaier ကတော့ အကြမ်းဖက်သမားတွေ ဘယ်တော့မှ မနိုင်ဘူး၊ ကျနော်တို့ ဥရောပရဲ့ စံနှုန်းက အမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေထက် အများကြီး ပိုအားကောင်းပါတယ်လို့ Twitter လူမှုကွန်ယက်မှာရေးထားပါတယ်။ ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့ အနောက်နိုင်ငံတွေရဲ့ မီးစတဖက် ရေမှုတ်တဖက် မူဝါဒတွေကြောင့် ဒီလိုတိုက်ခိုက်ခံရမှုတွေ ဖြစ်ရပြီး၊ နေတိုးနဲ့ ရုရှားအကြား မပြေလည်တဲ့ ဆက်ဆံရေးကြောင့်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ နှောင့်နှေးရတယ်လို့ ပြောသွားပါတယ်။

Brussels တိုက်ခိုက်မှုအပြီး အမေရိကန်လုံခြုံရေးတိုးမြှင့်

ဥရောပက Belgium နိုင်ငံ Brussels မြို့တော် လေဆိပ်နဲ့ မြေအောက် ရထားဘူတာရုံတို့မှာ ဒီကနေ့ ဖောက်ခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုမှာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မကြုံတွေ့ရအောင် လုံခြုံရေးကို ချက်ချင်းလို တိုးမြှင့်ထားလိုက်ပါတယ်။ Belgium နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေ ကိုယ်ရောက်နေတဲ့နေရာကနေ သွားသွားလာလာမလုပ်ကြပဲ Brussels မြို့တော်မှာ အများပြည်သူသုံးတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို အသုံးမပြုကြဖို့ Brussels မှာ ရှိတဲ့ အမေရိကန်သံရုံးက သတိပေးချက် ထုတ်ထားပါတယ်။ အမေရိကန် ပြည်တွင်းလုံခြုံအဖွဲ့ကလည်း Brussels က တိုက်ခိုက်မှုတွေကို သေချာစောင့်ကြည့်နေပါတယ်၊ အမေရိကန်နိုင်ငံသားတွေလုံခြုံရေးအတွက် နိုင်ငံထဲ လုံခြုံရေးစည်းကြပ်မှုတွေကို လိုအပ်သလို ထားရှိသွားပါမယ်လို့ ပြောကြားပါတယ်။ မသင်္ကာဖွယ် လှုပ်ရှားမှု တစုံတရာတွေ့ရင် သက်ဆိုင်ရာ ချက်ခြင်း အကြောင်းကြားဖို့ကိုလည်း အများပြည်သူကို တိုက်တွန်းထားပါတယ်။ ကျူးဘားနိုင်ငံကို သွားရောက်နေတဲ့ အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားကိုတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သူ့လက်ထောက်တွေက အသေအချာ အကြောင်းကြားထားပြီးဖြစ်ပါတယ်။ နယူးယောက်နဲ့ ဝါရှင်တန် မြို့တွေမှာ တာဝနရှိသူတွေကလည်း လုံခြုံရေးကို အသေအချာ တိုးမြင့်ထားတာပါ။ ဘရပ်ဆဲလ်မှာဖြစ်တဲ့ ပေါက်ကွဲမှုနဲ့ဆက်စပ်ပြီး နယူးယောက်မြို့မှာ တစုံတရာဖြစ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုး မတွေ့ရကြောင်း ဒါပေမယ့်လည်း လူစည်ကားတဲ့နေရာတွေ ရထားဂိတ်ကားဂိတ်တွေမှာ ရဲအစောင့်အကြပ်တွေ တိုး ချထားကြောင်း ပြောပါတယ်။ ဝါရှင်တန်မြို့တော်မှာတော့ မြေအောက် ရထားဘူတာရုံတွေမှာ ဗုံးအနံခံ ခွေးတွေနဲ့ လိုက်စစ်ဆေးနေပြီး၊ ဒါဟာ ကြိုတင် သတိထား ပြုလုပ်ချက်သာဖြစ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG