ဘယ်လ်ဂျီယမ်နိုင်ငံ တဝှမ်းမှာ သောကြာနေ့ည နဲ့ စနေနေ့မနက်ပိုင်းတွေမှာ ရဲတပ်ဖွဲ့တွေက အိမ်တွေကို ဝင်ရောက်စီးနှင်းပြီးတဲ့နောက် ၊ အကြမ်းဖက်သမားလို့ သံသယ ရှိရသူ ၁၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ အစိုးရရှေ့နေချုပ် ရုံးက ကြေငြာချက်ထဲမှာ ပြောကြားထားပါတယ်။
ဘရပ်ဆဲလ်မြို့တွင်း နဲ့ မြို့တဝိုက်က မြို့ ၁၆ မြို့က အိမ်တွေကို ဝင်ရောက် ရှာဖွေခဲ့ပြီး၊ လူ ၄၀ ကို စစ်ဆေးဖို့ ခေါ်ဆောင်ခဲ့တယ်လို့ ဘယ်လ်ဂျီယမ် ရှေ့နေ ချုပ်ရုံးက ပြောပါတယ်။ အဲဒီထဲက ၁၂ ယောက် ကိုတော့ ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။
ဒီကြေငြာချက်အရတော့ - ပြဿနာ တစုံတရာ ကြီးကြီးမားမား ဖြစ်တာမရှိဘဲ ရဲက အခုလို ဝင်ရောက် စီးနှင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လက ဘရပ်ဆဲလ်စ်မြို့ လေဆိပ်နဲ့ ရထားဘူတာရုံ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ၊ ဘယ်လ်ဂျီယမ်နိုင်ငံမှာ အခုချိန်ထိ အကြမ်းဖက် အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။
အဲဒီ တိုက်ခိုက်မှုကြောင့် လူ ၃၂ ယောက်သေဆုံးခဲ့သလို၊ ဘရပ်ဆဲလ်စ်မြို့ လေဆိပ်နဲ့ ရထားဘူတာရုံတွေကိုလည်း ရက်အတော်ကြာ ပိတ်ထားခဲ့ရ ပါတယ်။