သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အမျိုးသားလုံခြုံရေး ဒုအကြံပေး မြန်မာပြည်သွားမည်


အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုအကြံပေးအရာရှိ Ben Rhodes ဟာ အောက်တိုဘာလ ၁၈ ရက်ကနေ ၂၀ နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သမ္မတ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာ Rhodes ရန်ကုန်နဲ့ နေပြည်တော်တို့ကိုသွားရောက်ပြီး အရာရှိကြီးတွေ၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို တွေ့ဆုံမှာ ဖြစ်ပါတယ်။

နိုင်ငံတွင်းရှိ လူထုအားလုံးရဲ့ အခွင့်အရေးကို လေးစားပြီး တိုးတက်မှု အခွင့်အလမ်း ဖော်ဆောင်မယ့် ပြုပြင်ပြောင်းလဲရေးတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း အတည်ပြု ပြသမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေနဲ့ အမေရိကန်အစိုးရရဲ့ မျှော်လင့်ချက်တွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို မသွားခင် မစ္စတာ Rhodes ဟာ အောက်တိုဘာလ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိ လာအိုနိုင်ငံကို သွားရောက်ပြီး Vientiane မြို့တော်မှာ အစိုးရအရာရှိကြီးတွေနဲ့ တွေ့ဆုံပြီး အမေရိကန် - လာအို သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အခမ်းအနားကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် - လာအို ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး၊ အထူးသဖြင့် ၂၀၁၆ ခုနှစ်အတွင်း အရေးကြီးတဲ့ အာဆီယံ ဥက္ကဋ္ဌရာထူးကို လာအိုနိုင်ငံ ထမ်းဆောင်နိုင်ရေး ကိစ္စတို့ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ Vientiane နဲ့ Luang Prabang မြို့တွေမှာ လာအိုလူငယ်တွေနဲ့ တွေ့ဆုံပြီး အမေရိကန် အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကိုလည်း သွားရောက် ကြည့်ရှုမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG