သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ဂါဇီအမေရိကန်သံရုံး တိုက်ခိုက်ခံရမှု တနှစ်ပြည့်


ဒီကနေ့ဟာ 9/11 ၁၂ နှစ်မြောက်နေ့ ဖြစ်သလို၊ လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခံခဲ့ရတဲ့ တစ်နှစ်မြောက်နေ့လည်း ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ် Chris Stevens အပါအဝင် အမေရိကန်နိုင်ငံသားလေးဦး သေဆုံးခဲ့ရပါတယ်။

ဘန်ဂါဇီဖြစ်ရပ်ဟာ ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ သမ္မတ အိုဘားမားအစိုးရက တွန်းအားပေးနေတဲ့အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ ဆိုတာနဲ့ပတ်သက်ပြီး ဗွီအိုအေရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ သတင်းထောက် Scott Stearns က သတင်းပေးပို့ထားပါတယ်။ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဘန်ဂါဇီက အမေရိကန် ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခံခဲ့ရတာကို အကြမ်းဖက်မှုအဖြစ် သမ္မတ အိုဘားမားအစိုးရက နာမည်တပ် ခေါ်ဆိုဖို့ နှေးကွေးခဲ့တဲ့အပေါ် ရီပတ်ပလစ်ကန် လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ခဲ့ကြတာနဲ့အမျှ အဲဒီဖြစ်ရပ်ဟာ နိုင်ငံရေးအရ ပွက်လောရိုက်သွားခဲ့တာပါ။

အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟီလာရီ ကလင်တန်က ဘာအကြောင်းကြောင့် တိုက်ခိုက်ခံခဲ့ရတယ်ဆိုတာက အရေးမကြီးဘူးလို့ ပြောခဲ့ပါတယ်။

“အဓိကအချက်က အမေရိကန်နိုင်ငံသား လေးယောက် သေဆုံးသွားပါပြီ။ ဒါဟာ ဆန္ဒပြပွဲတစ်ခုကြောင့် ဖြစ်ခဲ့တာလား။ ညဘက် လမ်းပေါ်ထွက်လာတဲ့လူတွေက အမေရိကန်တချို့ကို သွားသတ်ရအောင်လို့ ဆုံးဖြတ်ခဲ့တာကြောင့်လား။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အခုအချိန်မှာ ဘာများ ကွာခြားသွားမှာမို့လို့လဲရှင့်။”

တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆီးရီးယားကို တိုက်ခိုက်ဖို့ သမ္မတ အိုဘားမားအစိုးရက တွန်းအားပေး ကြိုးစားနေတာကို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ဦးဆောင်နေတာနဲ့အမျှ ဘန်ဂါဇီဖြစ်ရပ်အပေါ် သမ္မတ အိုဘားမားအစိုးရ ကိုင်တွယ်ခဲ့ပုံက လွှတ်တော်အမတ်တချို့အတွက် အမှတ်ရစရာဖြစ်နေဆဲပါပဲ။

ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်ချင်နေတဲ့ အခုအစိုးရဟာ ဘန်ဂါဇီမှာတုန်းက အမေရိကန်နိုင်ငံသားလေးဦးကို ရှိသမျှ စွမ်းအားတွေ အသုံးပြုဖို့ ကယ်တင်ဖို့ တွန့်ဆုတ်ခဲ့တယ်လို့ ရီပတ်ပလစ်ကန် လွှတ်တော်အမတ် Jeff Duncan ကဆိုပြီး အရင်က ပဋိပက္ခတွေမှာ မစ္စတာကယ်ရီဟာ သတိထားပြီး လုပ်ဖို့ ပြောရုံကလွဲပြီး ဘာမှမလုပ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ဆီးရီးယားနဲ့ ဘန်ဂါဇီကို နှိုင်းယှဉ်ပြောဆိုတာဟာ နိုင်ငံရေး ပယောဂ ဖြစ်တယ်လို့ မစ္စတာကယ်ရီက ပြန်ချေပပါတယ်။

“အမေရိကန် အထက်လွှတ်တော်မှာ ကျနော်ရှိခဲ့တဲ့အချိန်တုန်းက ဂရီနေဒါ၊ ပနားမား စတဲ့ နိုင်ငံတွေအပါအဝင် အခြေအနေ တော်တော်များများမှာ စစ်ရေးအရ လုပ်ဆောင်ဖို့ ကျနော် ထောက်ခံခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လို သုံးသပ် ဆုံးဖြတ်တယ်ဆိုတာကို နားမလည်ဘူးဆိုတာမျိုး အပြောခံဖို့ ကျနော် ဒီမှာ လာထိုင်နေတာ မဟုတ်ပါဘူး။ လူတွေ အဆိပ်ဓာတ်ငွေ့နဲ့ အသတ်ခံရတဲ့ကိစ္စကို ကျနော်တို့က ပြောနေတာဖြစ်ပြီး ခင်ဗျားက ဘန်ဂါဇီအကြောင်း ပြောချင်နေပါတယ်။”

ဒါပေမဲ့လည်း ဘန်ဂါဇီဖြစ်ရပ်ဟာ အခုလက်ရှိ ဆီးရီးယားကိစ္စမှာ ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်ရဖို့ ကြိုးစားနေတာကို အားနည်းသွားစေနိုင်တယ်လို့ American University က ပါမောက္ခ Alan Lichtman က သုံးသပ်ပါတယ်။

ဘန်ဂါဇီမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာက အမေရိကန်အစိုးရဟာ အခြေအနေအပေါ် နားလည်နိုင်စွမ်း အားနည်းတာကို ပြနေတယ်လို့လည်း ပြောပါတယ်။

ဘန်ဂါဇီတိုက်ခိုက်မှုဖြစ်ရပ် ဖြစ်ခဲ့ပြီးတဲ့နောက် လုံခြုံရေးပိုင်း အားနည်းချို့ယွင်းခဲ့တဲ့အပေါ် တာဝန်ရှိတဲ့အတွက်ဆိုပြီး အမေရိကန်သံတမန် လေးဦးကို ရာထူးချခဲ့တာမျိုးပဲ ရှိခဲ့ပါတယ်။ သူတို့တွေအားလုံးကိုလည်း အဲဒီအချိန်ကတည်းကစလို့ တာဝန်အသစ်တွေမှာ ပြန်လည်ပြီးတော့ ခန့်အပ်ထားပြီး ဖြစ်ပါတယ်။
XS
SM
MD
LG